Wednesday 29 February 2012

အစွဲ

ရေချင်းတူတူ... ငါ့အရပ်ကရေကပိုသောက်ကောင်းတယ်...
မြေချင်းတူတူ... ငါ့အရပ်ကမြေက ခြေချကောင်းတယ်....

အိမ်ချင်းတူတူ... ငါ့အရပ်က အိမ်ပဲ လုံခြုံမှုပေးတယ်...
လူချင်းတူတူ.... ငါ့အရပ်က လူတွေပဲ စာနာမှုဖေးတယ်...

လေချင်းတူတူ... ငါ့အရပ်က လေပဲ ပိုမက်မောတယ်...
နေချင်းတူတူ... ငါ့အရပ်က နေပဲ ရောင်စဉ်နွေးတယ်...




Tuesday 28 February 2012

၁၉၉၇ မနက်ခင်း



အဆုပ်တွေ ဖြာထွက်လာ ၊ နေရောင်ကျဲ
လရောင်ကျဲ …
သွားဖို့ပြန်ဖို့ ဝေးလွန်းမဲမှောင်လို့
စ မှတ်နားမှာ ၊ အေးခဲနားနေခန်းမှာ ၊ စိတ်ကလေးမှာ …
‘အရင်တုန်းကပါ ဗျာ’ တဲ့
ဘယ်သူကမှမယုံလည်း သူကတော့ ယုံလိမ့်မယ်
ကိုယ်ကိုတိုင် မယုံလည်း သူကတော့ ယုံလိမ့်မယ် ။
အဲဒီ…၁၉၉၇ မနက်ခင်း ခင်းနေစဉ်
အဲဒီနေ့ဟာ…မှန်ရှေ့ မှာ အပြန်အလှန် နေ့ဆန်အောင်ပြင်ဆဲ
ဒေါင်လိုက်ဘ၀တစ်လျှောက်မှာ ၊ အတွေးအရောင်ပြန့်တုန်းမှာ ၊ မျက်ဝန်းအကြည့် တစ်ခုမှာ …
ဒီမြင်ကွင်းကို ကူသူကယ်သူမရှိ
တိမ်တွေကို ရွေ့ အောင်ကြည့်လို့မရတော့ဘူး
တိမ်တွေ အုပ်စုလိုက်ရပ်နေ
တိမ်တွေ အဖျားအစွန်းငြိမ်သက်
သူ…မင်းအတွက် စိတ်တွေ တစက်စက်ကျနေတယ် ။
မကြည့်နဲ့ ! မထိနဲ့!
ေ၀၀ါးရုပ်ခန္ဓာဖွဲ့စည်းလွန်း ၊ အခေါ်အပြောရဲလွန်း ၊ သဘာဝနိုင်လွန်းသမို့ …
ညနေဆီရောက်အောင်သွားမယ်လမ်း
၁၉၉၇ မနက်ခင်းမှာ
ဝေး  လွန်း  ခဲ့  တယ် ။ . . ။
ဝေး     လွန်း      ခဲ့       တယ် ။ . . . ။ 

ဝက : Dec 2007


သူငယ်ချင်းသို့.... ၂

အောင်မြင်မှုတွေကြောင့်....ဘ၀ကအဓိပ္ပါယ်ရှိနေတတ်တယ်...
တစ်ခါတစ်လေတော့လည်း...
အောင်မြင်ဖို့ကြိုးစားနေရင်းနဲ့ပဲ...ဘ၀အဓိပ္ပါယ်တွေ ပျောက်ပျောက်သွားတတ်သေးတယ်...

ဆင်ခြင်သုံးသပ်ခြင်းက...အမှားနည်းစေသလို...
တစ်ခါတစ်လေတော့လည်း... တွေဝေမှုတွေဖြစ်စေတယ်...
တွေဝေမှုတွေကပဲ....အခွင့်လမ်းတွေကို လေနှင်ရာဝေးစေတယ်...

တိတ်ဆိတ်ခြင်းက.... စိတ်ကိုအေးငြိမ်းစေတယ်...
တစ်ခါတစ်လေတော့လည်း...
တိတ်ဆိတ်ခြင်းကပဲ.... အထီးကျန်မှုကို အရောင်တက်စေသေးတယ်....

သံယောဇဉ်တွေကြောင့်.....ချစ်ခြင်းတစ်ခု ခိုင်မြဲစေတယ်...
တစ်ခါတစ်လေတော့လည်း...
ချစ်ခြင်းတစ်ခုကြောင့်ပဲ.... အခြားချစ်ခြင်းတစ်ခု ပြိုလဲစေနိုင်သေးတယ်.....

နီးစပ်မှုတွေက.... သာယာခြင်းကိုဖြစ်စေတယ်...
တစ်ခါတစ်လေတော့လည်း...
သာယာမှုတွေကပဲ.... အချစ်လို့ ထင်ယောင်မှားစေတယ်...




Monday 27 February 2012

အိုကေ


အရသာသိပ်သည်းတဲ့ အနမ်းတွေ
ပြန်မပြောနားမထောင် ဖြစ်ခဲ့တာလဲ .. အိုကေ

ယူတာထက်ပေးတာပိုကောင်းတယ် ဆိုတာ
လက်ဝှေ့သမားတွေပဲပြောတာကြားဖူးပေမယ့် .. အိုကေ

မိုးရွာတုန်း ရေခံချင်ခဲ့ပေမယ့်
မိုးလွန်တာတောင် ထွန်မချဘူးဆိုရင်လဲ .. အိုကေ

သူချစ်တယ် ငါချစ်တယ်
ဒါပေမယ့် ခါးလေ့ရှိကြတယ် .. အိုကေ

ဒီလိုနဲ့ပဲ ...
ရုန်းမထွက်ချင်တော့တဲ့ နွံ
ဘယ်သူ့မှမယုံတဲ့ ပုံပြင်
ကျကွဲသွားတဲ့မာန အပိုင်းအစများ
မမျှော်လင့်ချင်တော့တဲ့မနက်ဖြန်တွေနဲ့

အချစ်ရယ် 
ကိုယ် အိုကေပါတယ် ။ ... ... ။
                                                  
   ၀က

‘ လ ’ငေးသူ


ဘယ်နတ်ဘုရားက အမှတ်မထင်မှားယွင်း
အလှတွေစုပြုံ ဖန်ဆင်းခဲ့သလဲ …?
ဆူးနှင်းဆီတို့လဲငို
စံပယ်တွေ ညိုသလိုဖြစ်
ကြယ်စင်တွေမှိုင်တွေငေး
အို …. မိန်းကလေးရယ် ….

ပန်းနုရောင်လွင် သူ့ပါးပြင်နဲ့
နှင်းဆီရောင်သွေး နှုတ်ခမ်းလေးတစ်စုံ
စံပယ်ဖြူတွေထက် နုညက်အိဝင်း
‘ လမင်း ’ တဲ့ ...

ကြယ်စင်တောက်တယ်ဆိုတာ
သူရောက်လာရင် ပျောက်ကွယ်ရမှာ…။

ဝက : 2000 Sep

Saturday 25 February 2012

အလွဲ

အယူဝါဒတွေကွဲလဲ...
ခံယူချက်တွေ မသဲကွဲနဲ့....
နီးသယောင်ယောင်ဝေးတဲ့ဘ၀တော့...
ငါမမက်မောဘူး...

နင့်ရင်ခုန်သံနင်ပြန်မေး...
(ငါလဲ).. ငါ့ခံနိုင်ရည် ငါပြန်တွေးကြည့်မယ်...
အနီးဆုံးမှာ... ကျောချင်းကပ်နေတဲ့ဘ၀ထက်...
(ငါတို့၂ယောက်) .....
မျက်နှာချင်းဆိုင်ပြီး အဝေးမှာနေနေရတာပဲ
ပိုမျှော်လင့်တော့တယ်...

တကယ်ဆို... ညတာတွေမရှည်ခဲ့ပါဘူး..
ငါ့အတွေးတွေသာ...နယ်လွန်ခဲ့တာ...
တကယ်ဆို.... လင်းအာရုံကနောက်မကျခဲ့ပါဘူး....
ငါ့အိပ်ချိန်တွေကသာ...တိုတောင်းခဲ့တာ...

(လက်ခံလိုက်တယ်...)
ငါဆိုတာ...
နင့်ကမ္ဘာအတွက်...
မိုးလင်းမှရောက်လာတဲ့... လတစ်စင်းသာသာရယ်.....

Thursday 23 February 2012

နောက်ဆုံး

၁။

မင်းရဲ့  ဆံစကနေ
ခြေဖျား အထိ
ငါ့ရဲ့ စိတ်ကိုလောင်းချလိုက်တဲ့အခါ ၊ …

ပန်းချီကားဟာ
သူ့ရဲ့ နောက်ဆုံး စုတ်ချက်ကို
ဝမ်းနည်း ၀မ်းသာ မျက်ရည်စတွေနဲ့
ထာဝရ နှုတ်ဆက်လိုက်တော့တယ် ။


၂။

အံသွားနှစ်ခုကြားမှာ
ညပ်နေတဲ့ အသားစကို
ခံစားမှုမဲ့စွာ လျှာနဲ့ ပြန်ထုတ်နေရသလိုမျိုး ၊ …


မင်းက ငါ့ကို မောဟိုက်စေတယ်
မင်းက ငါ့ကို ရွံရှာစေတယ် ၊


ရင်ဘတ်နဲ့ ဦးနှောက်ကြားမှာ ညပ်နေတဲ့
မိန်းမတစ်ယောက်ကို
ငါ ဘယ်လိုပြန်ဆွဲထုတ်မလဲ ?


၃။

မိရိုးဖလာလွန် ငှက်တစ်ကောင်ဟာ
မိုးကုတ်စက်ဝိုင်းရှိရာ …
ရူးသွပ်စွာ ရှာဖွေပျံသန်းရင်း
နွမ်းလျှစွာ … သူ့အတောင်ပံတွေထဲ
ခေါင်းဝှက်ငိုကြွေး အားတင်းခဲ့ဖူးတယ် ၊


ငါလည် ဒီလိုပါပဲ ငှက်ငယ်ရယ်
အိပ်မက်ထဲမှာ လှုပ်ရှားဖို့ကြိုးစားရင်း …
လှပလွန်းတဲ့ ခရမ်းရောင်ဓားတစ်စင်းကို
တစ်ကိုယ်ထဲ ပိုင်ဆိုင်လိုစိတ်နဲ့ …
ဘယ်ဘတ်ရင်အုံထဲ
တမြည့်မြည့် ဆွဲသွင်းခဲ့ဖူးတယ် ။


၎။

တဆစ်ဆစ် တိုက်စားခံပြီး ချစ်ပြနေရတာတောင်
ကျောက်ဆောင်ရဲ့ ရင်ဘတ်ကို
အမြဲတမ်း ပုတ်ခတ်နာကျင်စေတဲ့ ‘ပင်လယ်’ ၊

သွေးစက် လှလှတွေရွေးပြီး
မာနကြိုးနဲ့သီထားတဲ့သရဖူကိုမှ
မဲ့ပြုံးတစ်စနဲ့ ပယ်ချတတ်တဲ့ ‘ဘုရင်မ’ ။


၅။

ငါက ..
သုညအစ သုညအဆုံး နက္ခတ်တွေခြံရံလို့
မြေကြီးကိုတောင် မော့ကြည့်နေရသလိုမျိုး
ကြမ္မာဆိုးတဲ့ စေတန်ပါ ၊


ငါက ..
ကံစီမံရာလမ်းကြောင်းကို
စကားတခွန်းနဲ့ မပြောင်းခဲ့ဘူး ၊


ငါက ..
အိပ်မက်တွေ ဖွယ်ဖွယ်ရာရာပြင်ဆင်
ကောင်းကင်ပြင်အလျားဆန့်သလောက်
ငါ့ ရမ်သမ်တွေရောက်အောင် ၊


ငါက .. ( ဒါပေမယ့် .. )
တံလျှပ်တွေနဲ့ ရေမချိုးပါဘူး
သူယောင်မယ်တွေနဲ့ မလောင်ကျွမ်းပါဘူး ၊


ငါက ..
အတိတ်ကို အနာဂတ်မှာ
ပြန်မျှော်လင့်ရုံသက်သက်နဲ့
ဒီခရီးကို ဆက်ခဲ့တာပါ … ။


၆။

တန်ခိုးရှင် ကိုးကွယ်မှုကို စိတ်ပျက်ဆန့်ကျင်တဲ့ ငါဟာ …
မင်းရဲ့  လရောင်ဆန်တဲ့ ဖန်ဆင်းမှုတွေအောက်မှာ…

ဧဒင် ဥယျာဉ်ကိုလည်း ယုံတယ်
အာဒံရဲ့ အိပ်မက်ကိုလည်း ယုံတယ် ။


၇။

ပိုးတုံးလုံးကောင်လေးတွေလို
သူ့ကြိုးတွေနဲ့သူ ပိတ်လှောင်သေဆုံးပြီးကာမှ …
ဘ၀ကို …
အတောင်ပံတွေနဲ့ ပြန်စခွင့်
မရရင်လည်းနေ …
မင်းကိုတော့ ချစ်နေပါရစေ ၊


အောက်ဆုံးဆူးက စနမ်းမှ
နှင်းဆီရဲ့ ရနံ့ကို တို့ထိခွင့်ရမယ်ဆိုလည်း …
သွေးစက်လက်ကျပါစေ
မင်းရဲ့ ရက်စက်မှုမှာ …
ကျေနပ်ကြည်နူးစွာ
ရူးနေပါရစေ ။


 ၈။

မင်းရှူထုတ်လိုက်တဲ့
လေသားနုနုကိုမှ
ဒဏ်ရာတစ်ထောင်နဲ့ လဲပြီးဝယ်ခဲ့တဲ့ ကောင် ၊


ပန်းနုရောင်လည်တိုင်စပ်က
မင်း ချွေးပွင့်လေးတစ်စကိုတောင်
တောင်းတောင်းပန်ပန်နဲ့ ပုံတူဆွဲယူခဲ့တဲ့ကောင် ၊


ဟိုး အဝေးက …
ပျံသန်းလာတဲ့ အိပ်မက်တောင်
မင်းပါမှ မက်တဲ့ကောင် အတွက် ၊


‘ကမ္ဘာကနေကိုပတ်တယ်’ ဆိုတာမျိုးလောက်သာ
မင်း ငါ့ကို နားလည်စမ်းပါ . . . ငါ့ကို ။


၉။

ငါ့ရဲ့ အလင်းကြောင့် မင်းပူပြင်းနေရတယ် ဆိုရင်
ငါ့ရဲ့ ဘ၀ကို အမှောင်အတိချထားလိုက်ပါမယ် ၊ ..


မင်းမှန်ဖို့အတွက် ငါမှားပေးရရင်လဲ
ငါ့အတွက်ကတော့ တရားနေမှာပဲ ၊..


ညတိုင်းအလွမ်းပြုသမျှ နုနေရတဲ့
မင်းလက်ခုပ်ထဲက ‘ရေ’ ဟာ ငါပါ ၊ ..


ပလုတ်ကျင်းချင်ကျင်း၊ ခြေဆေးချင်ဆေး
မင်းအတွက် အေးမြစင်ကြယ်ခြင်းကိုပေးမယ် ။


၁၀။

ဒါပေမယ့်…


၁၁။

တဖြည်းဖြည်းနဲ့ …
မော်ဖိန်းထိုးဖန်များတဲ့ သစ်ပင်ဟာ
အရွက်အုပ်ဆိုင်းဆိုင်းထဲ
အကိုင်းရှာမရသလို … ၊


တဖြည်းဖြည်းနဲ့ …
မာယာသောက်ကြူးတဲ့ အဆိပ်လူးနှုတ်ခမ်းဟာလည်း
အနမ်းချိုပျစ်ပျစ်ထဲ
အချစ်ရှာမရဘူး … ။


၁၂။

ငါ သိလာခဲ့တယ်


၁၃။

ဖွင့်လို့မရတဲ့ တံခါး ကို
နံရံ လို့ ခေါ်သင့်မခေါ်သင့် …၊


ပြုံးလို့မရတဲ့ လူသား ကို
စေတန် လို့ ခေါ်သင့်မခေါ်သင့် …။


၁၄။

ဆက်တိုက် ..
ငါ…ထပ်ပြီး သိလာခဲ့တယ်


၁၅။

ကြယ်ပန်းလေးကို ၀တ်မှုံကူးဖို့
လိပ်ပြာတစ်ကောင်ရဲ့ စိတ်ကူးဟာ
……….
အိပ်မက်တွေနဲ့သာရူးခဲ့ရသလိုမျိုး …၊

ရွက်လွင့်မယ်ဆိုတဲ့ ကျောက်တုံး…
ငါ …
ရေစပ်မှာပဲ ရှုံးနိမ့်မြဲ
ရှုံးနိမ့်နေရဦးမှာပဲ … ဆိုတာ ၊၊



၁၆။

တုန့်ပြန်မှုမရခဲ့တဲ့ ငါ့အပြုံးအတွက်
ငါ ပြန်သနားခဲ့ရတာက ဘ၀တစ်ဆုံးဖြစ်ခဲ့ရပြီးတဲ့နောက် ….


၁၇။  

ငါလေ …



၁၈။   

ငါ …



၁၉။

  ..



၂၀။

[နိဒါန်း]…

အမှန်တွေကို ငါရေးခဲ့သော်လည်း
ချစ်သူမယုံမှန်း ငါသိပြီးဖြစ်သည် ၊

ထို့နောက်…ချစ်သူ၏မျက်နှာကို
တသက်စာအတွက် အလွတ်ကျက်ခါ
ငါထွက်လာခဲ့သည်။
မဆုံချင်လည်း…ရှိစေတော့…။         ။

ဝက : 2005-2010 Nov.

စခန်းအမှတ် (၇)



ဖြူစင်မှုကိုသန့်စင်ဆေးကြောဖို့ ..
ဒါမှမဟုတ်
ဝေဒနာကို အနာတရဖြစ်အောင် ဒဏ်ရာနဲ့တကွ
နာကျင်ခံခက်စေဖို့ … ၊

ဝင်လေထွက်လေရဲ့ ကြား
ညများစွာ ညများစွာ …
မူလစိတ်ဓာတ်ကွယ်ရာ ဖိတ်ခေါ်မှုထဲ
ေ၀၀ါးစွာေ၀၀ါးစွာ … ၊

စက်ဝိုင်းတဖက်တချက်ဆီ
ဇာတိပြောသမျှ မရဏ အပြုံးလှအောင် …
ဟိုးရှေးရှေးကတည်းက
ဇရာက ခါးကုန်းပေးခဲ့ရသလို … ၊

ပိုးကုန်မှာ မကြောက်တော့တဲ့
မောင်ပုံ့ အိတ်ကပ်ထဲမှာ ….

မင်းနဲ့ငါ မရှိတော့
တောအုပ်နဲ့လွင်ပြင်မရှိတော့
အမည်နာမနဲ့ သဏ္ဍန်မရှိတော့
အချိန်ကာလနဲ့ကြွယ်ဝမှုမရှိတော့
စပ်ဆပ်သိစိတ်နဲ့ တည်မြဲခြင်း မရှိတော့ ။ ။

ဝက : 2005 Sep


အချစ်ဝတ္တု



ဒုတိယအရွယ်လို့ သတ်မှတ်ကြတဲ့ ၂၅နှစ်သား
ကြီးကောင်ကြီးမားနဲ့ အရူးထတယ်ပဲဆိုချင်ဆို
အခုမှ ပေါက်တောက်တောက်နဲ့လို့ပြောချင်ပြော
ကိုယ့်အခြေအနေ ကိုယ်အသိဆုံးမို့လား
လူသားတိုင်း တစ်သက်မှာတစ်ခါတော့
ဒီလိုအချစ်ရူးမျိုးရူးဖူးသင့်တယ်

ဥဒေါင်းဖိုတွေတောင်မှ ကိုယ့်မိတ်ဖက်ကို
တွေ့တဲ့အခါ အရှက်မရှိဖင်ဆီဖူးပေါ်အောင်
အမြီးကြီးဖြန့် ပြကြသေးတာပဲ
လုံလုံခြုံခြုံကျိတ်ရူးမိတာ ဘာဖြစ်လဲဗျာ

ပြီးတော့ ကြမ်းတမ်းလှတဲ့ ဟောဒီသဘာဝ
လောကကြီးထဲမှာ စာဘူးတောင်းငှက်ကလေးတွေတောင်
မီးရထားလမ်းဘေး ဓါတ်ကြိုးသေးသေးပေါ်မှာ လေမိုးမလုံမခြုံ
အသိုက်ကလေးတွဲလဲနဲ့ အချစ်အတွက် ဘ၀အတွက်
အံတုရဲရင့်ကြသေတာပဲ
ကျွန်တော်လို ဘွဲ့ရပြီးလောကဓာတ်ပညာတွေ တတ်ထားတဲ့
ယောင်္ကျားရင့်မကြီးအဖို့ မျှော်လင့်စရာတပြွတ်ကြီးဗျာ တပြွတ်ကြီး !

အချို့ ပင့်ကူမျိုးနွယ်တွေဟာ သူတို့သဘာဝ
ချစ်မှုရေးရာကိစ္စပြီးကြရင် အဖိုတွေက
သေသွားကြရော တဲ့
သူတို့လိုတော့ အချစ်အတွက်အသက်မစွန့်နိုင်ပေမယ့်
ဂဏန်းကောင်လေးတွေလိုတော့ ကာကွယ်စောင့်ရှောက်နိုင်ပါတယ်
သိတယ်မို့လား သူတို့အကြောင်းကို ?
တစ်ကောင်နဲ့တကောင် သဘောကျလေ့လာပြီးလို့
ချစ်တော့မယ်ဟေ့ဆိုရင် ဂဏန်းအမလေးက သူ့အပေါ်အခွံမာကြီးကို
အင်္ကျီချွတ်သလို ချွတ်ချပေးလိုက်ရော
အဲဒီအခါကျမှ …
အဲ…ပြီးမှပြန်ဝတ်ချင်လဲမရတော့ဘူးဗျ
သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်အောင်
အခွံမာပြန်ဖြစ်လာအောင် အတော်ကြာစောင့်ပြီး
ပုန်းနေရတာ
အဲဒီမှာ အထီးကအစာရှာပေး၊ စောင့်ရှောက်ပေးနဲ့
ကျွန်တော်က အဲ့ဒီလိုဂဏန်းထီးထက်တော့ အများကြီးသာနိုင်တာပေါ့


မေမေ ဖတ်ဖို့



နှစ်ပေါင်း ( ၅၆ ) နှစ်ကျော်ကြာ အမေရှင်သန်နေထိုင်လာခဲ့
သားမွေးဖွားလာတဲ့ ( ၁၉၈၆ ) ကာလကအစ ကျန်တဲ့ ( ၂၅ ) နှစ်လုံးလုံး
အခုထိရက်ပေါင်း ( ၉၀၀၀ ) ကျော် နာရီပေါင်း ( ၂ )သိန်းကျော်
စက္ကန့်ပေါင်းအသင်္ချေ
အမေ့ဆီက အရာအားလုံး အချိန်အားလုံးကို
ဒီနတ်ဆိုး နဲ့ နတ်သားရောစပ်ရာ ၀ိညာဉ်ငယ်လေးက ခိုးစရာ၊ တောင်းစရာမလိုဘဲ ရရှိခဲ့တာပါ။
·         လက်ပြင်မှာ အဆိပ်မြှားစိုက်လျှက် သွေးစက်လက်နဲ့
သားငယ်ကိုမသေခင်နို့တိုက်ဖို့ ၀ပ်ကျင်းပြန်နေတဲ့ အာဇာနည် ၀ံပုလွေမတစ်ကောင်လိုလဲ ရင်သွေးအတွက် နာကျင်မှုမဲ့ ဇောတွေနဲ့…
·         မြိုချပြီးသား အစားအစာတွေကိုမှ ခံရခက်ခဲစွာ ပြန်လည်အန်ထုတ်ကျွေးမွေးခဲ့တဲ့ ဂုဏ်ယူဖွယ် မိခင်ငှက်မကြီးရဲ့  မေတ္တာမျိုးနဲ့…
·         အရှက်ရဆုံးအလုပ်နဲ့ အစားတစ်လုပ် လဲလှယ်လူမမယ်သားငယ်အတွက် တောင်းရမ်းရတဲ့ သူဖုန်းစားမိခင်တွေရဲ့  သတ္တိဇွဲနဲ့…
ဒါတွေဟာ ဂုဏ်ယူလေးစာမှု အပြည့်နဲ့သားဥပမာအဖြစ်သာ ကျေးဇူးတွေရင်နဲ့ရင်းပြီး ရေးစပ်လိုက်တာပါအမေ…
“ မပြောတော့ပါဘူးဆိုတာ ” မြိုသိပ်ဖို့အခက်ခဲဆုံးအရာ
“ သားသိလာမှာပါဆိုတာ ” မပြောရက်တဲ့အမေ့တ္တော
“ ဟာ အမေ့အတွက်မလိုပါဘူး ” ဆိုတာ သားအတွက်သိမ်းဆည်းတဲ့ အမေ့ရဲ့ စောင့်ဆည်းမှု
မိုက်မဲစွာ တစ်ခါတစ်ရံသားအော်မိတဲ့အခါ အမေထပ်မပြောတော့တာ
“ သားငရဲထပ်ကြီးမှာစိုးလို့ ” ဆိုတာအမေ့ရဲ့ သည်းခံခြင်း

ရင်ဘတ်ပိုင်ဆိုင်မှုမှတ်စု



သွေးထွက်အောင်မှန်တဲ့
ကဗျာတပုဒ်ရှိတယ်

စုဘူးလေးနဲ့ စုထားတဲ့
သတ္တ၀ါတစ်ခု ကံတစ်ခုရှိတယ်

လိပ်ပြာတွေဖြစ်လာအောင်ပျိုးကြဲဖို့
မေမေ့လရောင်တွေရှိတယ်

စေတနာနဲ့မရိုက်သတ်ခဲ့ပေမယ့်
ဝတ္တရားအတိုင်း သွေးစုပ်သွားတဲ့ ခြင်တချို့ ရှိတယ်

‘လမင်း’ဆိုတဲ့ ချစ်သူလွှတ်တင်ထားသော
အဖြူရောင်မီးပုံးလေးရှိတယ်

ရွက်လွှင့်မယ်ဆိုတဲ့ ‘ကျောက်တုံး’
ရေစပ်မှာပဲ ရှုံနိမ့်ခဲ့ရတာတွေရှိတယ်

သူတော်ကောင်းကို နတ်ကောင်းမရင်
သူယုတ်မာကို နတ်ဆိုးမလိမ့်မယ်ဆိုတဲ့ ခံယူချက်တွေရှိတယ်

မင်းမှန်ဖို့အတွက်
ငါမှားပေးရတာတွေရှိတယ်

အရက်ခွက်ထဲကိုပြုတ်ကျသွားတဲ့
ငါ့မျက်လုံးတစ်လုံးရှိတယ်

သွေးထွက်အောင်မှန်တဲ့ (၀ါ)
သွေးထွက်နေတဲ့
ငါ့ ကဗျာတပုဒ်ရှိတယ်။ ။

ဝက : 2005


ရွှေရည်‌



မင့် အပြုံးဆုံး မျက်ဝန်းတစ်ခတ်စာ
ငါ့ရင်ဘတ် အရည်ပြား ပါး’ ပါး လာသလို
မင့် ဆံနွယ်ချိုအီအီထဲ
မင်း လည်တိုင် လမ်းမတလျှောက်
ငါခုတ်မောင်းသွားပါရစေတော့ ၊
မင်း ခါးသေးသွယ်ထဲမြှုပ်ထားတဲ့
ငါ့လက်ချောင်းတွေ…ပြီး
ငါတို့မျက်နှာစာ နှစ်ခု ရေနဲ့ရေလိုစီးရင်း
နတ်ဆိုးက ကြိုးလာမဖြည်ပေးသမျှ
ရွှေရည်…ပြောမပြတတ်အောင်
လှိုက်မောပ ၊
စိုစွတ်နဲ့တသင်းသင်း
တုန်ရီမျောလွင့်
နှုတ်ခမ်းထူလေးရဲ့ ပုန်ကန်မှုမှာ
ငါအသက်မရှူဘူး
ရမ္မက်အဖြူကိုရှူတယ် ၊
ဆက်ပြီး
ဒီညကိုအနိုင်ပိုင်းဖို့
ရွှေရည်…အိပ်စက်မှုမဲ့ အခင်းတစ်ခင်း
မင်းရင် ငါ့ရင်ထဲက
ဆွဲထုတ်လိုက် ! ။ .. ။
ဝက : 2006


မနေ့ညက မိုးဥတုတစ်ခုမှာ ကျွန်တော်တစ်ယောက်ပါဝင်တယ်


မိုးကောင်းကင်အပေါ်ထပ်က အခန်းရွေှ့တဲ့အသံ ၊
ညအမှောင်ပျက်ကြီးထဲ ဖျတ်ခနဲ ..
ဖျတ်ခနဲ ..  ..  .. အလင်းကစားနေပုံ နဲ့ ၊
သူတို့ .. အိမ်ပြေးမိုးပွင့်ကလေးတွေ
မကုန်ဆုံးတော့မယ့် အလား
တပျော်တပါး .. မိခင်မြေကြီးဆီ
ပြေးဝင်ဆင်းသက်လာကြချိန်တလျှေက် ၊
ဒေါင်ကောင်းတဲ့ အိမ်ရှေ့အုန်းပင်ကြီး
လေပြင်းရဲ့ လက်မောင်းကို ယိမ်းနွဲ့ခိုစီး ၊
တိမ်နီကလေးတွေရဲ့ သွားမြဲသွားခရီးစဉ်
နက်ဖြန် ဘယ်မှာဝင်လို့ ဘာပုံရေးမယ့် အကြောင်း ….. ၊
… … …
၎င်း တို့ အား

တစ်ကိုယ်စာ ၀ရန်တာလေးမှာရပ်လို့
ရေမှုန်ရေမွားလေးတွေ …
ထိလို့ထိမှန်းမသိ
မှင်သက်တွေးတော
ငေးမောနေမိ …  …  …  သူ  … … … ။ .. ။

ဝက ( 1:00 am 25-06-2011 )

ဝက


အသက်အရွယ်အလိုက်မှားတယ် အသက်အရွယ်အလိုက်မှန်တယ်
လပေါ်မှာလည်းထိုင်ဖူးတယ် နေမင်းကိုလည်းနမ်းဖူးတယ်
လေကိုရှူတာနဲ့တင် ရူးသွပ်တယ် ရေကိုသောက်တာနဲ့တင်မူးယစ်တယ်
သတ္တ၀ါနဲ့သဘာဝကိုလည်း ၀ါးတားတားမြင်တယ်
ကောင်းလွန်းတဲ့မကောင်းမှုတွေနဲ့ တရားဓမ္မကိုလည်းေ၀၀ါးဝါးသိတယ်
ငါလုပ်ရင်ဘာမဆိုဖြစ်တယ် ငါလုပ်နိုင်တာတစ်ခုမှမရှိဘူး
ရေတစ်စက်ရဲ့ ဝဲဂယက်မှာသေခြင်းကိုလည်းပြင်ဆင်ထားတယ်
မြင်းမိုရ်တောင်ကြီးပြိုကျလာလည်း ရှင်သန်ဖို့အတွက်ကြိုးစားတယ်
ဘ၀တူချင်းတွေ့ရင်တပြိုင်နက်ထဲ ခေါင်းညိမ့်တယ် ခေါင်းခါတယ်
တစ်စက္ကန့်ချင်းစီကို တယုတယ သိမ်းဆည်းတယ်
တစ်ဘ၀လုံးကိုနာကျည်းယူကျုံးမရစွာ မေ့ပစ်တယ်
ငါ့နေ့တွေကိုလှုပ်ရှားမှုက၀ါးမျိုတယ်
ငါ့ညတွေကိုခံစားမှုကစားသောက်တယ်
ပါးစပ်ကိုဟပြီး ကျေးဇူးတင်စကားပြောတယ်
ပါးစပ်ကိုပိတ်ပြီးဆဲရေးတယ်
နောင်တနဲ့ ကုက္ကိစကို
သမ္မာသတိနဲ့အနိုင်ပိုင်းတယ်
အလေအလွင့်များများနဲ့အုံကြွလာတဲ့စိတ္တဇကို ရင်ရှိုက်သံနဲ့လက်စားချေတယ်
ငါ့မျက်စိထဲမုန်တိုင်းဝင်တယ် ငါ့အလယ်ခေါင်က ဈာန်ဝင်စားမှုထွက်လာတယ်
ငါ မင်းကို ငါ ငါ့ကို ကောင်းစေချင်တယ် ဆိုးစေချင်တယ်
အခု ငါ မင်း ဒီကဗျာကိုပြုံးပြနေတယ်လို့ အိပ်မက်မက်နေတယ်
အခု ငါ ဒီကဗျာဖြစ်ပြီး မင်း ကိုမဲ့ပြနေရင်းအိပ်ရာကနိုးလာတယ် ။ ။


ဝက : 2006


Wednesday 22 February 2012

သူငယ်ချင်းသို့.... ၁

ရိုးအတဲ့လူထက်...
လိုက်လျောညီထွေနေနိုင်တဲ့သူက ပိုလူရာဝင်သတဲ့...

ရင်ထဲရှိရှိအတိုင်း ဖွင့်ချပြတတ်တဲ့သူထက်...
အခြေအနေအချိန်ခါတွေ နားလည်နိုင်တဲ့သူက လူလိမ္မာတဲ့...

အပြောအဆိုပွင့်လင်းတဲ့သူထက်...
အပြောဆိုလိမ္မာတဲ့ သူကိုမှ လူ့အသိုင်းဝိုင်းကပိုမက်မောတယ်တဲ့......

အမှန်တရားမြတ်နိုးတာလဲ ဂုဏ်ယူစရာပါ..
ဒါပေမယ့် တစ်ခါတစ်လေ...
အမှားတွေကိုလဲ မမြင်ချင်ယောင်ဆောင်တတ်တဲ့သူမှ
လောကကြီးမှာ သက်ဆိုးရှည်သတဲ့......

အမှားတစ်ရန်

တဆိတ်တော့ တောင်းပန်တယ်...
မလာနိုင်တဲ့ ခရီးအတွက်...
ခြေလှမ်းတွေ လာလာမလှမ်းကြနဲ့.....
လူတစ်ကာအတွက် သာနေတဲ့လမင်း
ကိုယ်ပိုင်သိမ်းချင်မိတဲ့...
ရူးမိုက်မိုက် အတ္တတွေ
အရောင်ပိုတောက်ခဲ့တာပဲ အဖတ်တင်တယ်....

အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်..
အဆူခံလိုက်ရရင်.. ပိုခံစားရတယ်ဆိုတာ...
မလိုချင်တဲ့ ဥပေက္ခာတွေ... ရလိုက်တဲ့နေ့က
ကောင်းကောင်းကြီးနားလည်လိုက်တယ်...

အချိုတွေလာလာကျွေးတယ်...
( ပြီးရင် ) အမှန်တရားခါးကြောင်း သင်ခန်းစာတွေ
လာလာပေးတယ်...
နေပါစေ..
ငါ့ဘ၀နဲ့ငါသာရှိစေတော့...
အမှန်ဆိုတာ....
ငါ့အတွက်အမှားဆုံးအရာအဖြစ်သတ်မှတ်လိုက်တယ်....
ငါအခါးတွေမုန်းတယ်....

မေးခွန်း

ကမ်းခြေ
အလွမ်းဝေလှသည်
သင်.အသံ
သင်.ပုံစံ
ခံစားသူကိုဖမ်းစား၏
အထူးသဖြင်.
ကျူပ်လိုလူကို
ဖမ်းစား၏
သက်တမ်းကျုပ်တို.
တရာလွန်စွာရှိသည်မှာရှားပါး၏
သင်.သက်တမ်းကား
ကျုပ်မသိ
ရာစုတဆက်
သင်.ထံလာသူ
ကျုပ်လိုလူတို.
များစွာရှိ၏
အော်  ကမ်းခြေ
ဂုဏ်ယူပါ၏
သင်.အလှကား
မြဲမြံပါ၏
အော်ကမ်းခြေ
ကမ္ဘာအစ
ယနေ.သည်.တိုင်
သင်.ထံလာယူ
အလှခံစားသူ
ဘယ်နှစ်ဦးရှိပါသနည်း။။
(ဒိုရေမာ)

ကစားပွဲ

ဘ၀ကစားပွဲ  စတင်ပါမည်
မပါမနေရတဲ.
သူပြီးရင် ကိုယ်.အလှည်.ပေါ.
ဒိုင်လူကြီးရဲ.
စထွက် ရွတ်ဆိုလိုက်ပြီ
ပြေးလိုက်ကြတာ
ချော်လဲသူကလဲ
ကွဲသူကကွဲ
မပဒါတွေလဲ
မြေလူးကြ
အသံ ကံ ဆံ ကွဲပြားသရွေ.
ဘ၀ နေနည်းတွေကွဲပြား လို.ပေါ.
ကြည်.လို.ကောင်းတဲ.ပွဲ
တချို. က ကိုယ်.ကိုယ်ကို
အားပေးနေတယ်
ဒီလို  ပွဲတွေကြည်.မယ် ဆိုရင်
မိမိဆီမှာပဲ
လက်မှတ်ဝယ်ယုံပေါ.။ ။
(ဒိုရေမာ)

တဒင်္ဂအတွေးမှန်

အမှောင်ရဲရဲတောက်ထဲက
ရှင်သန်အလင်းရောင်တခုဟာ
ဆင်လိပ်ပြာတကောင်နှယ်
ပြားပိတုန်းတကောင်နှယ်
ရင်းနှီးကျွမ်းဝင်စိတ်တွေ
နိုးကြားလာတယ်
တကယ်. အလင်းဖြစ်တည်မှုကိုတော.
ရမက်အချို.ကြောင်.လစ်လျူရှုထားခဲ.
အလင်းစွမ်းအင်တချို.ဟာ
သတ၀ါတခုကံတခုကြောင်.
အချိန်ဆိုတဲ.နယ်တခုကနေ
ရောက်ရှိလာလိမ်.မယ်လို.
ကိုးစားရင်း
ရည်ရွယ်ချက်မဲ.စွာ
အမှောင်သူ
လိပ်ပြာ
ပျားပိတုန်းများနဲ.
ကစားရင်း
ကုန်ဆုံးခဲ.တဲ.ငါ။ ။
(ဒိုရေမာ)

Tuesday 21 February 2012

တို့ဗီးနပ်

ဒီကနေ.
ထုဆစ်ခွင်.ပေးနိုင်မလားခင်ဗျာ
အပီးသတ်တော.မယ်.
ဗီးနပ်ရဲ.
အလှတွေဆင်တော.မယ်လေ
တည်ငြိမ်နေတဲ.
မျက်ဝန်းတွေထဲမှာ
အာဟာရ  ၊ဒုက္ခ ၊သုခ
အစုံလင်နဲ.
တင်.တယ်ချက်က
ဟန်ဆောင်တာမရှိတဲ.
မျက်ရည်တဖက်
အလွမ်းရဲ.သက်သေထူလို.
ကျောက်သားထုကြောင်.
စိတ်သွင်ပြင်မှာ
မာကြောတိကျစေတယ်
ရိုးရှင်းတဲ.အပြုံးဟာ
ရင်.ကျက်မှုတွေပြည်.လျှံ့လို.
သူဟာ မြင်သူတိုင်းရဲ. .....အတိတ်ကို
စဉ်းစားစေ တယ်
ဗီးနပ်
ဗီးနပ်
ရုပ်လုံးပေါ်လာပြီ
အေေ၇းအကြောင်းတွေ
ကျို.တို.ကျဲတဲတွေ
ဟုတ်ကဲ.
ကျွန်တော်.ဗီးနပ်ဟာ
လောကနီတိအတိုင်း
လူမှုရေးတာဝန်တွေ
ကျေကျေညက်ညက်
ထမ်းဆောင်ပြီးလို.
အနားယူသွားတဲ.
မီခင်အိုကြီးဗီးနပ်ပါ    ခင်ဗျာ
ကျေးဇူးတင်ပါတယ်။    ။
(ဒိုရေမာ)

ငါ့ရင်ခုန်သံ

ယမကာသမားတယောက်ရဲ့
သန်းခေါင်ကျော်ရေသောက်သံ
ဆင်လိပ်ပြာရဲ့
တောင်ပံခတ်သံ
ငါ.နှလုံးခုံသံ
ရောသမမွှေတော့
အနုအလှလုံးဝမပါတဲ့
ဆေးမှင်ခပ်ကြမ်းကြမ်း
အတွေးတွေ
တောစီးဖီနပ်တရံထဲမှာ
ပစ်စလတ်ခတ်နဲ့
ဒုန်းစိုင်းပြေးလွှားနေတယ်
အဖြေမဲ့နေတဲ့ငါ့ကဗျာစု
ဒီကဗျာမှာပျော်တယ်
ဒီဘ၀ကိုမင်တယ်
နားမခံနိုင်အောင် အော်ဟစ်တဲ.
ငါ့ အတိတ် နဲ့ ယခု
ဘယ်လောက် ညစ်ပေ ပ စေ
အားလုံးကို
ငါ့စာသားတွေအဖြစ်
ပြောင်းပစ်လိုက်မယ်။   ။
(ဒိုရေမာ)

ဒွိ

ငါ.မှာခေါင်းနှစ်ခြမ်းရှိတယ်
တခြမ်းမှာ
အချစ် ၊ ၀ိပသနာ ၊ အလွမ်း နဲ. ကဗျာ
တခြမ်းမှာ
အရက် ၊ တဏှာ ၊ သွေး  နဲ.ဗလာ
တနေ.တခါ
အချစ် နဲ. တဏှာ
အရက် နဲ. ၀ိပသနာ
အလွမ်း နဲ. ဗလာ
ကဗျာ နဲ. သွေး
ရောယှက်တယ်
ငါ.မှာခေါင်းနှစ်ခြမ်းရှိတယ်။ ။
(ဒိုရေမာ)

စားကျက်

ငါ.စိတ်ကူးရဲ.
တနေ.တာ  စားကျက်  မှာ
လမ်းလျှောက်ထွက်တာ
မင်းပါတယ်.......
မင်းရယ် ငါရယ်
ငါတို. ပြောနေ ကျ
အ၀ါ ရောင် ဖဲကြိုး ရယ်
ကတီပါ ဖိနပ် ရယ်
မင်း ရဲ.လက် ဖမိုး နုနု ရယ်
သနပ်ခါး နံ. ဒိုင်ယာရီရယ်
ငါပြန် နေ ကျ လမ်း ရယ်
အ ၀င် တံခါး တချပ် ရယ်
အသည်း ပုံသော. တချောင်းရယ်...
အား လုံး အရင် လို ပဲ....
ငါ. စားကျက် ထဲက
နံ ရံ မှာ
ရေး ဆွဲထားတယ်..........။  ။
(ဒိုရေမာ)

အမှီ

ညဟာ အကျည်းတန် အောင် မှောင်နေဆဲ
လူနေ အိမ် ပြတင်းပေါက်က မီးမှိန် မှိန်တွေရှိနေဆဲ
ပျော်ပွဲစားရုံတွေ တလက်လက် တောက်ပနေဆဲ
ပြည်.တန်ဆာတွေ မျက်နှာ အလှခြယ်နေဆဲ
ဂီတ သံလိုလို အဝေးက ခေါ်သံတခု ဖြတ်ပြေးဆဲ
စစ်ပြီးခေတ်ကလို လူတချို. ကျို.တို.ကျဲတဲ လမ်းလျှောက်နေဆဲ
ညလုံးပေါက်ဆိုင်တချို. လူရှင်းနေဆဲ
ခွေးလေခွေးလွင်. တွေ ပျော် မြူးနေဆဲ
ကဗျာစပ်သူယောက် ကဗျာ ၀င်စား နေဆဲ
တိတ်ဆိတ်နေ တဲ. အရာရာ ဟာ အော်ဟစ် ဖို.အကြောင်းရှာ နေဆဲ
ငါရဲ.  စာနာသူမဲ.ညတွေ ကို မှီဝဲ သက်ဝင်နေ ဆဲ။          ။
(ဒိုရေမာ)

လွယ်အိတ်

ငါ့ လွယ်အိတ်လေး
နံရံမှာ ဖုံအလူးလူး နဲ့..............
ဒီလွယ်အိတ်ထဲ ကို
မေမေ့ ဆီက အကြွေတွေ
ဘယ်သူမှ မသိအောင်ခိုးထည့်ဖူးတယ်......

လမ်းသွားရင်း
ဂလောက် ဂလောက် မြည်အောင်
ဒီအိတ်လေးကို တမင် လှုပ်ပြီး
 သွားဖူးတယ်.....

မိုးရွာရင်ရေမစိုအောင်
ဒ်ီအိတ်လေးကို
ရင်ထဲမှာ ပိုက်ထားဖူးတယ်......


မင်းတို့အိတ်တွေ အားလုံး
ခုံ ပေါ်တင် ဆိုတဲ့ ထဲမှာ
ဒီအိတ်လေး လဲပါတယ်.........

စာမပြီးတဲ့ စာအုပ်တွေ
ထုတ်လိုက် ထည့်လိုက်လုပ်ဖူးတယ်.....

အဲ ဒီစာအုပ်တွေကြား
အရောင် လွင့်တဲ့ထိ
စွယ်တော် ရွက် လေး တွေ
ညှုပ်ပြီး ဒီအိတ်လေးထဲ သိမ်းထားဖူးတယ်.....

တဖြည်းဖြည်း လှလာတဲ့
သူငယ်ချင်း မ အတွက်
စာတို လေးတွေ ထည့်ဖူးတယ်......

ကျောင်းတံ ဆိပ် ပုံတွေ
အခါခါ တပ်ဖူးတယ် ......

ငါတို့ အမှတ်တရ
ရိုက်ခဲ့တဲ့ ပုံ တွေမှာ
ဒီလွယ်အိတ်လေးပါ တယ်.....

ဘယ်သွားသွား အသုံးတဲ့တဲ့
ကိုယ်ရံတော် ဖြစ်ခဲ့ဖူးတယ်....

ဘာပြောပြော
ငါ့ ရဲ့ ဘ၀ အစက
ဒီလွယ်အိတ်လေး ထဲမှာ
ခိုဝင်ပြီး နွေးထွေးဖူးတယ်။     ။
(ဒိုရေမာ)


မင်းအတွက်

ဆည်းဆာရောင်နဲ့
ဆေးခြယ်ထားတဲ့
ငါ့အနာဂတ်ထဲမှာ
မင်းအတွက်
အိမ်လေးတစ်လုံး ရှိတယ်။

မင်းအတွက်
လေကောင်းလေသန့်ရဖို့
အိမ်ရှေ့မှာ စိမ်းလဲ့ပြာနေတဲ့
ပင်လယ်ကွေ့တစ်ခု ရှိတယ်။

မင်းအတွက်
ငါ့အလွမ်းတွေ သက်သေပြဖို့
ဟိုးဝေးဝေးမှာ
မီးပြတိုက်တစ်ခုရှိတယ်။

မင်းအတွက်
လမ်းလျှောက်ရင်
ခြေဖ၀ါးတွေ မပွန်းစေဖို့
သဲနုနုလေးတွေရှိတယ်။

မင်းအတွက်
စိတ်ကြည်နူးအောင် ငေးမောဖို့
ပင်လယ်ထဲက ကျွန်းလေးနားမှာ
လှိုင်းခေါင်းဖြူတွေရှိတယ်။

မင်းအတွက်
အပျင်းပြေကောက်ဖို့
သောင်ပြင်ပေါ်မှာ
ခရု ရောင်စုံတွေရှိတယ်။

မင်းအတွက်
လှိုင်းသံတွေပဲ့တင်နေတဲ့
ကျောက်ဆောင်နံရံမှာ
ငါ့ကဗျာတွေရှိတယ်။

မင်းအတွက်
စိတ်ညစ်ရင်ပြောပြဖို့
တိမ်တွေကြားမှာ
ငါ့ရဲ့ဟာသစကားလုံးတွေရှိတယ်။

မင်းအတွက်
ဒီအိမ်လေးရဲ့
အ၀င်ဝမှာ
ခရီးဦး ကြိုဖို့
ငါရပ်စောင့်နေတယ်။
မင်းလာခဲ့နော်။
(ဒိုရေမာ)

ချိုခဲ့တဲ့အဆိပ်

အဆိပ်ချိုတခွက်ကို
ရည်ရွယ်ချက်မရှိပဲသောက်ခဲ့တော့
ခံတွင်းကစ ရင်ခွင်တဆုံး
စွဲလမ်းခြင်းရဲ့နှိပ်စက်မှုနဲ့
အသုံးမ၀င်တဲ့ ချစ်ခြင်းရဲ့
ခံစားသက်ဝင်မှုကို
သိတယ်ဆိုရုံပဲ
ပြင်းပြတဲ့အာရုံနဲ့
ဝေါ့ အန် ချမယ်အလုပ်မှာ
ငါ့ အသက်
ငွေ့ငွေ့ပဲ ရှိတော့တယ်။
(ဒိုရေမာ)


တွေးလက်စက်ဝေ

ဝေ......တရိပ်ရိပ် မြူတွေ နဲ့
 မြင်ကွင်း တွေ....
ရှိစေတော့
ငါ မလွမ်း ဘူး
ကြွေ.....တလက်လက် ဆက်နေတဲ့
မိုးစက်မှုံ တွေ......
ရှိစေတော့
ငါမနွမ်းဘူး
လေပြေ.......ရွေ့ရွေ့ တိုးခတ်လာတဲ့
အသိစိတ်မှာ
လိုက်မျောရင်း
ရှိစေတော့
ဒါ မဆန်း ဘူး ။
(ဒိုရေမာ)

ကဗျာစ

တစ်ရံရောအခါ
ဆေးရေးမခြယ်
ကဗျာတစ်စ ရှိလေသည်
.......................
.......................
အကြွင်းမဲ့
ပုံရိပ်တို့ကို
သတိရခြင်းများစွာဖြင့်
ခြွေချလိုက်သည်
.....................
မြတ်နိုးခြင်းကြောင့်
သစ္စာသိစေ
.......................
......................
ချစ်ခြင်းရှိသော်
သင် သိစေ။။။
(ဒိုရေမာ)

အလွမ်း...

လွမ်းတယ်...
စိတ်တိုင်းမကျရင် ဆူတတ်တဲ့ အမေ့အသံကိုလွမ်းတယ်....

လွမ်းတယ်....
ချီးကျူးချင်စရာလေးလုပ်မိရင် ဒါငါ့သမီးကြီးလေလို့ပြောပြီးတော့
အူကြောင်ကြားနိုင်တာမျိုးတွေဆိုရင် "နင့်အမေနဲ့တူတာလေ"လို့ပြောတဲ့အဖေ့ကိုလွမ်းတယ်...

လွမ်းတယ်....
ပြန်မပြောနားမထောင် နေတတ်တဲ့ ညီမလေးကိုလဲလွမ်းတယ်....

လွမ်းတယ်.....
ဘုရားစူး မုန့်ဟင်းခါးပါဆိုတဲ့ ချက်ချင်သလိုချက်ထားတဲ့အိမ်နားကဆိုင်ကိုလွမ်းတယ်....

လွမ်းတယ်.....
သူငယ်ချင်းတွေနဲ့ ဆူညံအောင်ပေါက်ပေါက်ဖောက်နေလဲ
မျက်စောင်းထိုးကြည့်မယ့် သူတွေမရှိတဲ့ အရပ်ကိုလွမ်းတယ်.....

လွမ်းတယ်....
အထူးကား အထူးကားဆိုပြီး ၁၀၀ ပြန်မပေးတဲ့ မတ်တပ်ရပ်စီးရတဲ့ လိုင်းကားတွေလဲလွမ်းတယ်.....

လွမ်းတယ်......
ဟန်းဖုန်းကြီး ခါးချိတ်ပြီး စတိုင်ထုတ်နေကျတဲ့ လူတွေရှိတဲ့ အရပ်ကိုလွမ်းတယ်.....

လွမ်းတယ်.....
မီးပုံမှန်လာနေရင်ကိုပဲ နေမထိ ထိုင်မသာဖြစ်တဲ့ ခံစားမှုမျိုးပေးတဲ့အရပ်ကိုလွမ်းတယ်....

လွမ်းတယ်.....
လွမ်းရင်ပြန်လာခဲ့လေလို့ပြောမယ့်သူတွေရှိတဲ့ အရပ်ကိုလွမ်းတယ်.....

လွမ်းတယ်......
ကိုယ့်ရဲ့လိုအပ်ချက်တွေအတွက် စွန့်ခွာခဲ့ရတဲ့ ကိုယ်နေခဲ့တဲ့ အရပ်ကိုလွမ်းတယ်.....

လွမ်းတယ်.....
လွမ်းချင်လို့ကို...လွမ်းတယ်.....

!_!

ဘယ်တော့ပြန်မှာလဲ....
မမေးပါနဲ့...
ငါကိုယ်တိုင်တောင်မသိ..အဖြေမရှိတဲ့မေးခွန်းပဲ...

မပျော်ရင် ပြန်လာခဲ့လေ...
မပြောပါနဲ့...
ငါတို့ဘ၀တွေအဲလောက်မလွယ်ဘူး...

အရမ်းပျော်နေတယ်မလား...
မထင်လိုက်ပါနဲ့....
ဟန်ဆောင်အားတင်းပြုံးနေရတဲ့သူတွေရင်ထဲဘာရှိလဲဆိုတာ
ပြုံးဖူးတဲ့သူတွေသိပါတယ်

စိတ်ညစ်မခံနဲ့နော်...
အဲလိုအားမပေးနဲ့....
စိတ်ညစ်လဲခံရမှာပဲ....
ပင်ကိုယ်စိတ်ရင်း... ပင်ကိုယ်အတွေး.... အားလုံးအားလုံးက
ရန်ကုန်ဘက်ခြမ်းမှာထားခဲ့ပြီ...

ကိုယ့်ရဲ့လိုအပ်ချက်အတွက်...
တစ်ခုပေးတစ်ခုယူလောကကြီးထဲ...
ငါတို့ပေးလိုက်ရတာတော့တစ်ခုမကဘူးထင်တယ်..

နောက်ဆုံးတော့လည်း...
အဝေးကနေဖြည့်ဆည်းပေးနိုင်တာလေးတွေနဲ့ပဲ...
ငါတို့စိတ်တွေ ပင်ပန်းလဲ.... ပင်ပန်းကျိုးနပ်ပါတယ်လေ.....

အားလုံးရှိတယ်

မိုးမျှော်တိုက်ကြီးတွေလား...
ရှိတယ်...

မှန်ရောင်ကြွေရောင် တလက်လက်ထနေတဲ့...
Shopping Centerတွေလား..
ရှိတယ်..

Air-con စိမ့်နေအောင်ဖွင့်ထားပေးပြီး
အော်ငေါက်မဲ့ စပယ်ယာမပါတဲ့ဘတ်စ်ကားလား...
ရှိတယ်..

ဘရိတ်အုပ်တာလေး ပြင်းသွားရင်တောင်
တောင်းပန်တတ်တဲ့..MRTတွေလား..
ရှိတယ်..

သင်္ဘောလား....
ဒီမှာတော့ သင်္ဘောဆိုတာ ဟိုးးးးးးးးးးးးးးးး တိုက်ပေါ်မှာ...
ရှိတယ်..

ငွေယားလေးများရှိလို့ကတော့....
လေးငါးကျပ်တန်ကော်ဖီအလကားတိုက်ပြီး
တစ်ရာလဲမက တစ်ထောင်လဲမက...
သဲ့သဲ့ပြီးယူမယ့် Casino ဆိုတာလဲရှိတယ်...

အရှေ့တောင်အာရှအတွက်
နောက်အနှစ် ၃၀ အထိ တစ်ခုတည်းသော Universal Studioဆိုတာလား..
အဲဒါလဲရှိတယ်...

မရှိတာဆိုလို့...
အားကိုးတိုင်ပင်စရာ အဖေရယ်
ချစ်ဖို့ကောင်းတဲ့ အမေရယ်....
ငါ့ရဲ့ ညီမလေးရယ်....
ဒါလေးတွေပဲ မရှိတာပါ...
ကျန်တာအားလုံးရှိတယ်...

၁.၁၂.၂၀၁၁

သူရဲကောင်း

အဖေ...
ခေါ်ကြည့်ရုံနဲ့တင်... အားရှိတယ်အဖေ..

သမီးမျက်နှာတစ်ချက်အညှိုးမခံတဲ့အဖေ....
ကိုယ်တိုင်ကတော့ လောကဓံရဲ့ နေရောင်အောက်...
နေလောင်နေခဲ့တာကြာပေါ့....

နာကျင်စေဖို့နေနေသာသာ
လက်နဲ့တောင်မရွယ်ခဲ့ဖူးတဲ့အဖေ....
စကားလုံးတိုင်းက... ဘ၀အတွက်လမ်းမှန်ဖြစ်စေခဲ့တယ်...

စိတ်ညစ်တော့မခံနဲ့ .... အချိန်မရွေးပြန်လာခဲ့နော်တဲ့....
ကျေးဇူးပါအဖေ...
ဘယ်လောက်ပင်ပန်းပါစေ....
အဖေကျခဲ့တဲ့ချွေးတစ်စက်စာတောင်မရှိခဲ့ပါဘူး....

အမေ့ရင်ခွင် ဝေးတော့မှ... နွေးမှန်းသိတယ်...
အဖေ့အရိပ်..... မရတော့မှ....အေးမှန်းသိတယ်...

အမေက ဘ၀ရဲ့ အလင်းရောင်ဆိုရင်...
အဖေကတော့ သမီးရဲ့ သူရဲကောင်းပါ....

၇.၁၂.၂၀၁၁

အတိတ်..

မေ့လိုက်ဖို့ကြိုးစားတယ်ဆိုတာ...
သတိရဖို့ တကူးတကအားထုတ်နေခြင်းတစ်မျိုးပဲ...

မုန်းပစ်တယ်ဆိုတာ...
ရင်ထဲမှာ သူရှိသေးတယ်ဆိုတာ သွယ်ဝိုက်သောနည်းအားဖြင့် ၀န်ခံလိုက်တာ...

ငါလား...
သတိတော့ရတာပေါ့...
ငါ့ကိုယ်ငါတော့အမှောင်မချတတ်သေးဘူးကွယ်...

ငါလား....
ချစ်တော့ချစ်တာပေါ့....
ငါ့ကိုယ်ငါတော့ မညာတတ်သေးဘူးကွယ်....

ငါလား..
မျှော်လင့်တာပေါ့....
(ငွေ့ငွေ့လေးလင်းနေတဲ့..) ငါ့ဘ၀ငါ့မီးအိမ်လေး ငါမငြှိမ်းချင်သေးဘူးကွယ်...

ခက်တယ်ကွယ်..
အတိတ်ဆိုတာကလဲ (ဆရာမင်းလူကဗျာထဲကလိုပဲ)
လှည့်ကြည့်လိုက်တိုင်း အနားကိုချက်ချင်းရောက်ရောက်လာတယ်...

အတိတ်ရေ...
ဒီတစ်ခါတော့ နင်ချည်းပဲမလာနဲ့.....
နင့်ဇာတ်အိမ်ထဲက အဓိကဇာတ်ဆောင်ကိုပါ....
နင်နဲ့အတူ တစ်ပါတည်းခေါ်ခဲ့စမ်းပါ...

(၂၃.၁.၂၀၁၂)

If I have a chance...

အခွင့်သာခဲ့မယ်ဆိုရင်...
အိပ်မက်တွေထဲက စိတ်ကူးတွေအတွက်...
ဖြည့်ဆည်းပေးချင်သေးတယ်...

အခွင့်သာခဲ့မယ်ဆိုရင်....
အားငယ်ပူပန်မှုတွေအတွက်...
ဖြေသိမ့်ပေးချင်သေးတယ်...

အခွင့်သာခဲ့မယ်ဆိုရင်....
လှည့်ထွက်နေတဲ့ ကျောပြင်ကိုနားကပ်ပြီး
ရင်ခုန်သံများကြားရမလား နားထောင်ကြည့်ချင်သေးတယ်....

အခွင့်သာခဲ့မယ်ဆိုရင်....
အလိမ်အညာတွေကို မသိသလို
ဟန်ဆောင်နေပေးချင်သေးတယ်...

အခွင့်သာခဲ့မယ်ဆိုရင်....
ဘ၀ဇာတ်ဆရာကို တစ်ခွက်တစ်ဖလားတိုက်ပြီး..
ပျော်ရွှင်စွာပေါင်းကြလေသတည်းလို့ ဇာတ်ကိုသိမ်းခိုင်းလိုက်ချင်တယ်.....

(၂၄.၁.၂၀၁၂)

ဘဝ

လောကကြီးကမတရားဘူးဗျာလို့ပြောတာ
ဇာတ်လမ်းထဲမှာဇာတ်နာအောင်ပြောတဲ
့စကားပဲ...
အပြင်မှာတော့လာမပြောနဲ့....
ကိုယ်ညံ့လို့ကိုယ်ခံရတာ...ဘယ်သူမှမသနားဘူး....

ဒိန်ခဲနေရာရွေ့သွားတာလဲအရေးမပါေ
တာ့ဘူး....
ဒိန်ခဲပျောက်မသွားဖို့ပဲလိုတော့တယ်....
(လျင်သူစားစတမ်းလောကထဲ...)
သူတော်ကောင်းဖြစ်စရာလဲမလိုတော့ဘူး...
သူယုတ်မာ မဖြစ်ဖို့ပဲလိုတယ်.....

အသက်ကြီးလာတာနဲ့အမျှ
ရင်ဘတ် ဘယ်ဘက်ခြမ်းကအရာက
ဘ၀မဟုတ်ဘူးဆိုတာ သိသိလာတယ်...
အားတော့နာပေမယ့်... ဒါအမှန်ပဲလေ...

လျှောက်နေတဲ့လမ်းတစ်ခုအတွက်...
ဝါသနာလဲမလိုဘူး....ပျော်နေစရာလဲ
မလိုဘူး....
ဝါသနာပါမှလုပ်ဆိုရင်...ငါတို့ထမ
င်းငတ်တာကြာပေါ့....
ပျော်နေရအောင်...... ဘ၀ကြီးက ကစားကွင်းမှမဟုတ်တာ....

အရေးမပါတဲ့အရာတွေက
အရေးပါချင်ယောင်ဆောင်ပြီး...
အရေးပါတဲ့အရာတွေကို ဆွဲဆွဲထုတ်သွားတာ...
သိသိရက်နဲ့ ငါတို့လဲ မသိချင်ယောင်ဆောင်နေရတာတော့
တွေးမိလိုက်တိုင်း...ရင်နာတယ်....

(၂၄.၁.၂၀၁၂)

::::::::: :) ::::::::::

ဟိုးအဝေးကမ်းတစ်ဘက်က ညောင်ညိုပင်လေး...
သေချာမျှော်ကြည့်စမ်းပါ...သဲကွဲရဲ့လား....
သူ့အရိပ်အောက်မှာ...
နင်ကော... နင့်အတွက်ငါ့ချစ်ခြင်းတွေကော....
ငါထားခဲ့တယ်...

လှမ်းမလာတဲ့သူနဲ့.....
မလာပါနဲ့တားတဲ့သူ.....
ဘယ်သူ့အပြစ်ရယ်လို့ငါမဆိုပါဘူး...
လက်ညှိုးထိုးစရာမရှိတော့လည်း
ကံကြမ္မာကိုပဲ... တရားခံရှာလိုက်ပါ့မယ်....

ပျော်နေလားလို့...တစ်ခါလောက်မေးကြည့်ပါလား...
ဖြေမှာပါ..ငါအရမ်းပျော်နေတယ်လို့...
ဒါပေမယ့်..နှလုံးသားကိုတော့သွား
မမေးနဲ့နော်...
သူက...မညာတတ်ဘူး....

ပျော်သလိုအရပ်မှာမနေဘဲ
တော်ရာအရပ်နေနေတဲ့ငါ့ဘဝ
ခံစားချက်တွေကိုလဲ ငါနဲ့ဝေးတဲ့အရပ်တစ်ခုမှာပဲထားလိုက်တယ်...
နင်ကောငါကော နေသာတာပေါ့....

ကောင်းကင်ပေါ်က လမင်းငယ်ရေ...
အထီးကျန်တယ်များတွေးမိတိုင်း...
မြေပြင်ကိုတစ်ချက်လောက်ငုံ့ကြည့်လိုက်ပါ....
မျက်ရည်စို့လာတိုင်း.....
နင့်ကိုအားကိုးတစ်ကြီးမော့ကြည့်
ကြည့်နေကျသူတစ်ယောက်ရှိတာ
နင်သိတော့နော်...
(၂၉.၁.၂၀၁၂)

For SALE

အရောင်လွင့်နေသော်လည်း...
ချောင်ထိုးထားရ်ျမရသော....
ဆလင်းဘက်တစ်လုံးရှိသည်.....

ဟောင်းနေသော်လည်း....
လွှင့်မပစ်နိုင်သော
လက်ပတ်ကြိုးလေးတစ်ခုရှိသည်....

တစ်ရက်လျှင် နှစ်ကြိမ်
အချိန်မှန်သော.....
နာရီတစ်လုံးရှိသည်.....

မြည်တွန်တောက်တီးစရာ
အကြောခပ်တင်းတင်း.....
ပူစီကြောင်တစ်ကောင်ရှိသည်....

မေ့ပြီမေ့ပြီပြောပြီး
မျက်ရည်စိုတတ်သော ....
မျက်ဝန်းတစ်စုံရှိသည်.....

ခေါင်းစဉ်တပ်မရသော....
ခံစားချက်တစ်ပုံတစ်မရှိသည်......

ဒူပေဒါပေခံသော...
အသည်းနှလုံးတစ်စုံရှိသည်....

သာယာနေတယ်...

လမင်းလဲသူ့ကောင်းကင်သူသာနေတယ်....
ငါလဲ ငါ့ကမ္ဘာငါတည်နေတယ်....
သူ့ဘာသူအားလုံးသာယာနေတယ်......

တစ်ခါတစ်လေတော့လည်း...
မရှိတာထက်..မသိတာခက်ဆိုတဲ့စကား...
ငါ့အတွက်များ တမင်ထားရော့သလား..တွေးမိပါရဲ့...

တစ်ခုပေးတစ်ခုယူလောကထဲ....
ဝင်သက်တစ်ရှိုက်စာလေကတောင်
အောက်ဆီဂျင်ကို သိပ်မသထာချင်တော့ဘူး....
ဒါနဲ့..စကားမစပ်...
အမွှေးနံသာတွေလေ...
တည်ရှိနေခြင်းတွေကိုဖျောက်ပစ်ဖို့ကြိုးစားတဲ့အရာတွေပေါ့... ငါသိပ်မုန်းတယ်....

ဆေးခါးလဲမြိုဖူးတယ်.. ဒီနှုတ်ခမ်းကပဲ....
မုသားတွေလဲချိုဖူးတယ်.... ဒီနှုတ်ခမ်းကပဲ....
ဟိုးလမ်းချိုးကချစ်သူရေ... နင်နေကောင်းပါစ....

ဘုရားသခင်ရယ်...အမေရယ်....
ရင်ဘတ်ထဲကဒိုင်ယာရီရယ်....
ဒါတွေကလွဲရင် ကျန်တာတွေအားလုံးကိုလိမ်ခဲ့ဖူးတယ်....
အဲ့ဒီတော့....လှည့်စားရက်လေခြင်းလို့ နင်တွေးတိုင်းဝမ်းမနည်းနဲ့တော့...

အတ္တတွေနဲ့ထုတ်ပိုးထားတဲ့..
ငါ့သမိုင်းကို.....
ကြားကောင်းရုံသာသာတော့ မပြောတော့ဘူး....
အမှန်ကိုဝန်ခံလိုက်မယ်......
ငါ့ကိုယ်ငါတော့ တော်တော်ချစ်တယ်....

အခန်းထောင့်က လေးနဲ့မြှားကိုင်ထားတဲ့သူငယ်....
မဖြစ်ညစ်ကျယ်အစွမ်းလေးနဲ့ ပညာတွေမပြချင်တော့နဲ့ကွယ်...
လမင်းလဲသူ့ကောင်းကင်သူသာနေတယ်....
ငါလဲ ငါ့ကမ္ဘာငါတည်နေတယ်....
သူ့ဘာသူအားလုံးသာယာနေတယ်......

စောင့်နေပါအမေ...

စောင့်နေပါအမေ.....
အမေ့အရိပ်ကခွဲထွက်ခဲ့တဲ့သမီး...
အမေ့ဆီ ခဏပြန်လာခဲ့ဦးမယ်အမေ......

စောင့်နေပါအမေ.....
အမေ့ညူဆူသံလေးတွေ သမီးမေ့လုလုဖြစ်နေပြီ...
အဆူခံဖို့ ပြန်လာခဲ့ဦးမယ်အမေ......

စောင့်နေပါအမေ....
အမေ့ရင်ခွင်ထဲ တိုးဝင်ပီး....
တီးတိုးတိုင်ပင်နေကြ ဘ၀လေး...
ခဏလောက်တော့ ပိုင်ဆိုင်မလားပဲလေ အမေ....

စောင့်နေပါအမေ.....
ကြားတစ်ချက်မကြားတစ်ချက် ဖုန်းသံတွေကိုစိတ်နာလို့...
အမေ့အသံနားနဲ့ဆတ်ဆတ်ကြားဖို့....
ခဏတော့..ပြန်လာဦးမယ်အမေ...

စောင့်နေပါအမေ.....
အရင်ကထက်စာရင် ပိုရင့်ကျက်လာတဲ့ခံယူချက်တွေနဲ့
အမေနဲ့အတူ ဘ၀အကြောင်း အငြင်းခုံလုပ်ဖို့...
ပြန်လာဦးမယ်အမေ....

စောင့်နေပါအမေ...
ဟင်းမချက်တတ်ပေမယ့်.....
မေတ္တာလွှမ်းတဲ့.... အမေ့ရဲ့..
ထမင်းဝိုင်းလေးလဲ.... အငွေ့မအေးခင်...
အရောက်လာခဲ့မယ်အမေ.....

စောင့်နေပါအမေ....
သူတစ်လူငါတစ်မင်းလောကကြီးထဲ..... တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်ဖို့.....
အမေ့ဆီမှာ အားအင်တွေ
လာပြန်ယူဦးမယ်အမေ.....

စောင့်နေပါအမေ....
အမေ့အရိပ်ကနေ နောက်တစ်ကြိမ်
ဝေးရာကိုပြန်ထွက်ခွာဖို့အတွက်....
အမေ့အရိပ်ကို ခဏ ပြန်လာခဲ့ဦးမယ်အမေ.....
စောင့်နေပါအမေ..........

(၃.၀၂.၂၀၁၂)

အမော

လောကမပြည့်စုံခြင်းတွေ...
ငါခံနိုင်တယ်...
(ဒါပေမယ့်)
မိသားစုကိုတော့...မခံစားစေချင်ဘူး.....

ဖေဖေပြောဖူးတဲ့စကား
တစ်ခါတစ်ခါတော့ သတိရသား....
ငွေတွင်းနက်တယ်တဲ့....
ဖေဖေရေ... ခုခေတ်က ငွေတွင်းမနက်တော့ဘူး...
ကိုယ်ကျင့်တရားတွေသာ...
ရေတိမ်မနစ်ဖို့ သတိထားနေရတယ်....

မေမေရေ....
ငယ်ငယ်တုန်းက မယ်ထွေးလေးပုံပြင်ထဲက
မိထွေးကြီးနဲ့..သူ့သမီးတွေလေ....
သိပ်ကြောက်ဖို့ကောင်းတယ်နော်...
အခုလောကကြီးထဲမှာလဲ...
ပုံပြင်ထဲက မိထွေးကြီးရယ်...သူ့သမီးတွေရယ်လိုလူတွေ...
တော်တော်များနေပြီ....

တစ်ချို့ကပြောကြတယ်....
မိသားစုနဲ့ငွေနဲ့လဲနိုင်ကြတယ်နော်တဲ့....
ကောင်းလိုက်တဲ့ဟာသ....
ရယ်လိုက်ရတာများ...ရင်ဘတ်ထဲကတောင်နာတယ်.....

မိသားစုနဲ့ငွေနဲ့ကို ငါဘယ်တုန်းကမှမလဲခဲ့ပါဘူး....
မိသားစုအတွက်သာ....
ငါမြတ်နိုးပျော်မွေ့တဲ့အရာတွေကို.....
ငွေနဲ့လဲခဲ့တာပါ.....

ဆေးဆိုင်က စပ်ဆေးလေးတစ်ခွက်လောက်လဲ....
ငါ့အတွက်အဆင်ပြေပါတယ်...
(ဒါပေမယ့်)....
မေမေရေ...
အထူးကုကြီးဆီတော့ မှန်မှန်သွားပါနော်....

လိုင်းကားကျပ်ကျပ်တွေ...
(ငါ)..စီးနိုင်တယ်....
(ဒါပေမယ့်)...
ကိုယ်ပိုင်ကားမ၀ယ်ပေးနိုင်ရင်တောင်....
(ညီမလေးရေ)...တက္ကစီတော့ စီးသွားစေချင်တယ်...

ပြောလိုက်ကြပါ...
တိုင်းတစ်ပါးကျွန်ခံနေတယ်လို့.....
ပြောလိုက်ကြပါ...
သူများတိုင်းပြည်အလုပ်ကျွေးပြုနေတယ်လို့.....
ပြောလိုက်ကြပါ...
အမိနိုင်ငံကို..ခြေစုံကန်တယ်လို့.....
ငါ့နိုင်ငံ...
ငါ့လူမျိုး....
ငါ့ဒေသ...
ငါ့မြို့နယ်....
ငါ့ရပ်ကွက်....
ငါ့လမ်း......အတွက်ဆိုတဲ့...
စကားလုံးကြီးကြီးနဲ့
ပေးဆပ်မှုမျိုးတော့ ငါမလုပ်ခဲ့နိုင်သေးပေမယ့်.....
(အနည်းဆုံး)...မိသားစုအတွက်တော့......
(ငါ)...တာဝန်ကျေချင်တယ်.....

ချစ်သူ

ချစ်သူသည်...စကားများများတော့မပြောတတ်ပါ...
သို့သော်...နွေးထွးလုံခြုံမှုအပြည့် ခံစားစေရသော...
မေတ္တာများ... တစ်ပုံတစ်ပင်ပေးထားပါသည်.....

ချစ်သူသည်... ကဗျာတွေစာတွေမဖွဲ့တတ်ပါ...
သို့သော်... ရေးသမျှအားပေးသော...
အမာခံ ပရိတ်သတ်တစ်ယောက်ဖြစ်ပါသည်......

ချစ်သူသည်...ချိုအီအီစကားများနှင့် မချွဲနွဲ့တတ်ပါ...
သို့သော်.... သူ့ရယ်သံကတော့ နှလုံးသားထဲ အင်မတန်ချိုပါသည်....

ချစ်သူသည်...အတွေးခေါ်ပညာရှင်ကြီးတစ်ယောက်မဟုတ်ပါ....
သို့သော်..... ဘ၀ရပ်တည်မှုခွန်အားများ...
မျှဝေပေးနိုင်စွမ်း ရှိသူတစ်ယောက်... ဖြစ်ပါသည်...

ချစ်သူသည်...လက်ညှိုးညွှန်ရာ ရေဖြစ်စေသောသူတစ်ယောက်မဟုတ်ပါ....
သို့သော်.... ရေရှိရာအရပ် လမ်းပြပေးသူ..ဖြစ်ပါသည်....

ချစ်သူသည်....အချစ်ကျမ်းကြေသူကြီးမဟုတ်ရှာပါ...
သို့သော်... ပေးထားသောနှလုံးသားတစ်ခုကို တန်ဖိုးထားတတ်သူဖြစ်ပါသည်....

ချစ်သူသည်....တစ်လောကလုံးစာအလင်းပေးနိုင်သော
နေတစ်စင်းတော့မဟုတ်ခဲ့ပါ....
သို့သော်...၂ယောက်စာကမ္ဘာအတွက်...
ကျွန်မ၏ တစ်ခုတည်းသော...မှန်အိမ်ငယ် ဖြစ်ပါသည်....

ဗလာ

ရင်ထဲကိုတိုးတိုးလေးလှမ်းခေါက်ကြည့်တယ်....
ဗလာတဲ့.....


မေ့ထားတဲ့... အတွေးစတစ်ခုဆွဲထုတ်ကြည့်လိုက်တယ်...
အတွေးထဲတော့... အေးခနဲပါပဲ...
(တကယ်ဆို..နွေးနေသင့်တယ်...)


ဘာမှမဖြစ်သလို.. ဟန်ဆောင်နေရတာတွေ....
သတိတရ အတွေးတွေကို မေ့ပစ်ဖို့ကြိုးစားနေရတာတွေ....
(ဒါတွေက...)
ဝဋ်ကြွေးတွေဆိုလဲ.... ဒီတစ်ဘ၀စာ အကြေဆပ်သွားပါရစေ....


ဝေ့ခနဲဝါးလာတဲ့ မျက်ဝန်းကို...
ဟိုးခပ်လှမ်းလှမ်းက မာနလေးက... မျက်တောင်လေးပုတ်ခတ်ခတ်လုပ်ဖို့
အချက်ပြနေလေရဲ့....


အတွေးထဲ အတိတ်တွေထည့်ပြီး....
လင်းအာရုံကိုလဲ ကြိုဖူးတယ်...
ညအမှောင်ကတောင်.....
ငါ့ဘ၀ထက် စိမ်းလန်းနေသေးတယ်.....


ဖြစ်ချင်တာတွေ..ဖြစ်မလာတာထက်...
မဖြစ်သင့်တာတွေ...ဖြစ်လာတာက...
ပိုပိုခါးတယ်....
သူ့စည်းချက် သူ့ယိမ်းနွဲ့ချက်တွေနဲ့
အချိုးညီညီ လောကကြီးထဲ... အံလွဲနေတာတော့...
(တဆိတ်).. ငါကလွန်တာပါ...


တစ်ကယ်တော့ ..... နင်ကရထားတစ်စီးဆို...
ငါက ပလက်ဖောင်းမှားရပ်နေမိတဲ့သူတစ်ယောက်ရယ်ပါ....


နောင်ဘ၀ဆိုတာများရှိခဲ့မယ်ဆိုရင်...
ပေးလိုက်တိုင်းပြန်ရမယ့်.... သံယောဇဉ်တစ်ချို့.....
မေ့လွယ်ပျောက်လွယ်... မှတ်ဥာဏ်တွေနဲ့....
ရင်ဘတ်ချင်းနီးမယ့်... နှလုံးသားတစ်ခုလောက်တော့
တောင့်တမိသား..

ငါ့ကမ္ဘာ

တကယ်တော့ ပျော်ရွှင်မှုဆိုတာ..
ပိုင်ဆိုင်ခွင့်ရသူတွေအတွက်သာ သီးသန့်မှမဟုတ်ဘဲ...
ပေးဆပ်ဖြည့်ဆည်းနိုင်တဲ့သူတွေပါ...
မျှဝေခံစားနိုင်တဲ့ အရာပါ....


ငယ်ငယ်တုန်းက...
လက်ညှိုးထိုးလိုက်တဲ့အရာတစ်ခု..
ပိုင်ဆိုင်ခွင့်ရခဲ့ရင် ... ကျေနပ်တယ်....
ခုတော့...
သူတို့လိုအပ်နေတဲ့အရာလေးတွေ
ဖြည့်ဆည်းပေးနိုင်ခဲ့ရင်ကိုပဲ
ကြည်နူးတယ်.....


ဖယောင်းတိုင်လေး....
မီးလောင်နေတာကို....
အလင်းကိုပေးပီး သူ့ကိုယ်သူအလောင်ကျွမ်းခံနေတယ်လို့..
ကဗျာတွေစာတွေမဖွဲ့ချင်ကြပါနဲ့...
(တကယ်တော့)
သူ့ဘ၀သူပေးဆပ်လောင်မြိုက်နေတာမဟုတ်ပါဘူး.....
ဖြစ်တည်ခွင့်ရတဲ့ဘ၀တစ်ခု...
အဓိပ္ပါယ်ရှိရှိ သူဖြတ်သန်းနေတာ......


ငါလဲ....
မိသားစုအတွက် ပေးဆပ်အနစ်နာခံနေတာမဟုတ်ဘူး....
ငါရှိရာငါ့ဘ၀...
အဓိပ္ပါယ်ရှိရှိ ငါဖြတ်သန်းနေတာပါ....

ညီမလေးသို့.....

ညီမလေးရေ....
နင်တော့မသိနိုင်ဘူး...
မေမေ့ဗိုက်ထဲ နင်ရှိနေတယ်ဆိုကတည်းက...
နင်သူငယ်တန်းတက်ရင် လေ့ကျင့်ဖို့ မေးခွန်းတွေ...
ဖေဖေ့ လက်နှိပ်စက်လေး ခိုးသုံးပြီး...
ပြင်ဆင်ပေးခဲ့ဖူးတယ်....


ညီမလေးရေ...
နင်တော့ကြားခဲ့မယ်မထင်ဘူး....
ကလေးသေးသေးလေး ဆေးရုံခွဲခန်းဝင်ရတော့...
ဘုရားသခင် နားငြီးလောက်အောင်...
တောင်းပန် တိုးလျှိုးဖူးခဲ့တာ....


ညီမလေးရေ...
နင်တော့နားလည်မယ်မထင်ဘူး...
အပြောမတတ်တဲ့...စေတနာဒေါသတွေ....
နင့်အပေါ်အပြစ်ရှာသလို ဖြစ်ခဲ့တာ....


ညီမလေးရေ...
နင်တော့တွေးမိမှာမဟုတ်ဘူး....
တည်ငြိမ်လွန်းတဲ့ နင့်အတွေးတွေအတွက်...
အားမလိုအားမရ ငါဖြစ်ခဲ့ရတာတွေ...


ညီမလေးရေ...
နင်တော့ ယုံနိုင်မယ်မထင်ဘူး...
နင့်အတွက် ဖြည့်ဆည်းပေးလိုက်နိုင်တိုင်း...
ငါဘယ်လောက် ပီတိဖြစ်ခဲ့ရတယ်ဆိုတာကို....


ညီမလေးရေ....
နောက်ဆုံးတော့လဲ....
ငါ့အတွက်ဘာမှပြန်မမျှော်လင့်ပါဘူး...
နင့်ဘ၀လေးလှပ ဟန်ချက်ညီနေပြီး...
ကျန်းမာပျော်ရွှင်နေတာကိုပဲ...
ဘုရားသခင်ရဲ့ ငါ့အတွက်....
ဆုလာဘ်တစ်ပါးလို့....
ငါသဘောထားတယ်....

ဘ၀လမ်း

ကိုယ့်ဘ၀ကိုယ်ထွန်းညှိနေကြသူချင်းတူတူ
ဘာလို့ ငါ့မီးအိမ်ကိုမှ လာငြှိမ်းချင်နေရတာလဲ


ကိုယ့်လမ်းကိုယ်ဖောက်....
ကိုယ့်ပန်းတိုင်ကိုယ်လျှောက်နေသူချင်း..
အမြဲတမ်းတော့ အနိုင်မလိုချင်နဲ့...
အားလုံးက ယုန်တွေမဟုတ်ဘူး...


ပွဲဆူအောင်သိပ်မလုပ်ချင်စမ်းပါနဲ့....
တိတ်တိတ်လေးဝင်လာပီး တိတ်တိတ်လေးထွက်သွားလဲ
လက်ခုတ်တီးပေးမယ့်သူတွေရှိပါတယ်...


အဝေးကွင်းချင်းတူတူ ပရိတ်သတ်ပိုများပါတယ်ဆိုပြီး
လက်မထောင်ချင်တာဆိုရင်တော့...
ကံကြမ္မာဆိုတဲ့ ဒိုင်လူကြီးက ကစားပွဲအဖြေကိုပြောင်းပစ်နိုင်တာ
နင်မကြုံဖူးသေးလို့ပါ....


(၂၈.၁.၂၀၁၂)

နေသားကျပါစေ သူငယ်ချင်းရေ...

သူငယ်ချင်းရေ...
နင်လဲမပျော် ငါလဲမပျော်...
ခြင်္သေ့မြို့တော် ဆိုတဲ့အရပ်ကြီးမှာ....
နေသားတော့ကျလောက်ရောပေါ့....


သူငယ်ချင်းရေ....
တစ်ခါတစ်ခါများ... မိုးရွာရင်.....
ခြေသလုံးလောက်ရေမြုပ်တဲ့အရပ်...
နင်တော့မသိဘူး ငါတော့လွမ်းတယ်ဟယ်...


သူငယ်ချင်းရေ...
ငယ်ငယ်ကလေ... မီးပြန်လာရင်...
ဟေးခနဲထအော်ခဲ့ကြတာမှတ်မိသေးလား...
ငါတော့ဒီရောက်မှ... စကားတောင်ကျယ်ကျယ်မပြောဖြစ်တော့ဘူး...


သူငယ်ချင်းရေ...
ရုံးမှာတုန်းက မန်နေဂျာကများဆူရင်...
ငိုမဲ့မဲ့လေးလုပ်ချင်တာ ငါမြင်ယောင်သေးတယ်..
ခုတော့ လှောင်သလိုလိုအပြုံးတွေအောက်....
နင်ကောငါကော မျက်နှာကြောတင်းတင်းနေတတ်ပြီနော်.....


သူငယ်ချင်းရေ....
နိုင်ငံခြားတဲ့... နင်ကောငါကောသွားချင်ခဲ့ကြတာလေ....
ခုကျတော့လည်း သူတို့သွားသွားနေတဲ့
သဲဖို့ထားတဲ့ကမ်းခြေတွေ.....
ဗိုလ်တစ်ထောင် ကမ်းနားလောက်တောင်
ငါတို့အတွက် အပန်းမပြေစေပါလားဟယ်...


သူငယ်ချင်းရေ....
ဘာလိုချင်လိုချင်... ပိုက်ဆံသာရှိလို့ကတော့...
အကုန်ဝယ်လို့ရတဲ့မြို့တဲ့....
ငါတော့ ဖော်ရွေမှုတွေလိုက်ရှာနေတာ..ခုထိတော့မတွေ့သေးဘူး...
(နင်တွေ့ရင်လဲပြောဦး)


သူငယ်ချင်းရေ..
နင်ပြောသလိုပေါ့ ရင်ထဲပန်းပွင့်နေတာတော့မဟုတ်ဘူးပေါ့...
ဒါပေမယ့်.....
ငါတို့ဒီကနေလောင်းလိုက်တဲ့ရေလေးတွေနဲ့တော့...
ငါတို့အိမ်ကပန်းတွေ ပွင့်နေလောက်ပါရဲ့....


သူငယ်ချင်းရေ...
နင်လဲမပျော် ငါလဲမပျော်...
ခြင်္သေ့မြို့တော် ဆိုတဲ့အရပ်ကြီးမှာ....
နေသားတော့ကျလောက်ရောပေါ့....


၁၉.၀၁.၂၀၁၂