Thursday, 23 February 2012

မေမေ ဖတ်ဖို့



နှစ်ပေါင်း ( ၅၆ ) နှစ်ကျော်ကြာ အမေရှင်သန်နေထိုင်လာခဲ့
သားမွေးဖွားလာတဲ့ ( ၁၉၈၆ ) ကာလကအစ ကျန်တဲ့ ( ၂၅ ) နှစ်လုံးလုံး
အခုထိရက်ပေါင်း ( ၉၀၀၀ ) ကျော် နာရီပေါင်း ( ၂ )သိန်းကျော်
စက္ကန့်ပေါင်းအသင်္ချေ
အမေ့ဆီက အရာအားလုံး အချိန်အားလုံးကို
ဒီနတ်ဆိုး နဲ့ နတ်သားရောစပ်ရာ ၀ိညာဉ်ငယ်လေးက ခိုးစရာ၊ တောင်းစရာမလိုဘဲ ရရှိခဲ့တာပါ။
·         လက်ပြင်မှာ အဆိပ်မြှားစိုက်လျှက် သွေးစက်လက်နဲ့
သားငယ်ကိုမသေခင်နို့တိုက်ဖို့ ၀ပ်ကျင်းပြန်နေတဲ့ အာဇာနည် ၀ံပုလွေမတစ်ကောင်လိုလဲ ရင်သွေးအတွက် နာကျင်မှုမဲ့ ဇောတွေနဲ့…
·         မြိုချပြီးသား အစားအစာတွေကိုမှ ခံရခက်ခဲစွာ ပြန်လည်အန်ထုတ်ကျွေးမွေးခဲ့တဲ့ ဂုဏ်ယူဖွယ် မိခင်ငှက်မကြီးရဲ့  မေတ္တာမျိုးနဲ့…
·         အရှက်ရဆုံးအလုပ်နဲ့ အစားတစ်လုပ် လဲလှယ်လူမမယ်သားငယ်အတွက် တောင်းရမ်းရတဲ့ သူဖုန်းစားမိခင်တွေရဲ့  သတ္တိဇွဲနဲ့…
ဒါတွေဟာ ဂုဏ်ယူလေးစာမှု အပြည့်နဲ့သားဥပမာအဖြစ်သာ ကျေးဇူးတွေရင်နဲ့ရင်းပြီး ရေးစပ်လိုက်တာပါအမေ…
“ မပြောတော့ပါဘူးဆိုတာ ” မြိုသိပ်ဖို့အခက်ခဲဆုံးအရာ
“ သားသိလာမှာပါဆိုတာ ” မပြောရက်တဲ့အမေ့တ္တော
“ ဟာ အမေ့အတွက်မလိုပါဘူး ” ဆိုတာ သားအတွက်သိမ်းဆည်းတဲ့ အမေ့ရဲ့ စောင့်ဆည်းမှု
မိုက်မဲစွာ တစ်ခါတစ်ရံသားအော်မိတဲ့အခါ အမေထပ်မပြောတော့တာ
“ သားငရဲထပ်ကြီးမှာစိုးလို့ ” ဆိုတာအမေ့ရဲ့ သည်းခံခြင်း


အဲဒီလို ကိစ္စသေးသေးလေးတွေပေါင်းများစွာ
အမေ့ရဲ့ စွမ်းရည်တွေ၊ ခံနိုင်အားတွေ၊ ရင်သွေးအပေါ်ထားတဲ့မေတ္တာတွေ၊ ရုန်းကန်လှုပ်ရှားမှုတွေဟာ
စကြ၀တေးမင်းရဲ့ မယ်တော်ထက် အောက်မလျှော့ပါဘူး
အရင်ဘ၀ကစပြီး ပြန်ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တောင် သားရဲ့ မေမေဟာ အခုသားရဲ့ မေမေပါပဲ။
အခုလို ကဗျာလေးနဲ့ဖြစ်စေ
ပြောပြ ဖွင့်ပြနိုင်တဲ့တရားလေးတပုဒ်နဲ့ဖြစ်စေ
အလုပ်ကအပြန်ဝယ်လာတဲ့ ကြေးအိုးတခွက်နဲ့ဖြစ်စေ
ဆယ်ခါ့တစ်ခါသိစေတဲ့အခါ ဆေးလူးနှိပ်နယ်ပေးခဲ့တာတွေနဲ့ဖြစ်စေ
စသည်ဖြင့် စသည်ဖြင့် …

တတ်အားသရွေ့ အနည်းငယ်သာ တစ်ခါတစ်ရံမှ ကျေးဇူးတုံ့ပြန်ဖြစ်ပေမယ့် တိုက်တစ်လုံးနဲ့ကားတစ်စီး၊ ကျန်းမာရေးနဲ့ အားဆေးအစုံ၊ သားအတွက် ဂုဏ်ယူစရာဘ၀မျိုးမှာ လှူချင်တာလှူနိုင်တဲ့အခြေအနေ၊ ရင်ကော့ပြီး ဆွေမျိုးတွေအလယ် လျှောက်လှမ်းနိုင်အောင် အမေ့အတွက်လမ်း သားမခင်းနိုင်ခဲ့သေးလို့
သားလေ အနည်းဆုံး အမေဖတ်ဖို့ရာ ဒီကဗျာလေးရေးဖြစ်ခဲ့တာပါ။
ဒီဘ၀နဲ့သံသရာအဆက်ဆက်မှာလည်း ဆုံခဲ့ဖူး ၊ ခရီးသွားဖော်ချင်း
“ ငြီးငွေ့ဖွယ်ရာ အိမ်အလုပ်တွေငဲ့ ဟိုစိတ် ဒီစိတ်တွေပူရင်း
အချိန်တွေကုန်ခဲ့ …သာသနာအခွင့်ကောင်းတွေကြုံတုန်း တရားစခန်းလေးဝင်နိုင်ဖို့ရာ ”
သတ္တ၀ါတစ်ခုကံတစ်ခု စုဗူးလေးထဲမှာ စုမနေပါနဲ့တော့အမေရယ်…
ဒီခဏတာအတွက် အမေ့မျက်ရည်တွေ ခဏသိမ်းထားလိုက်ပါဦး။

ပြီးတော့သားကဗျာဟောင်းလေးတပုဒ်ထဲကလို
 “ အရိပ်ထဲမှာ အနေအထိုင်တတ်စေဖို့
   ဓမ္မရဲ့ အိပ်မက်တစ်အုပ်
   ကျွန်တော်တို့ကို လက်ကုတ်ခေါ်နေချိန်”
သားကြောင့်ကြမဲ့ ထောက်ပံ့နိုင်အောင်ကြိုးစားရင်း
 “ လိပ်ပြာတွေဖြစ်လာအောင် ပျိုးကျဲခဲ့တဲ့ မေမေ့ လရောင်တွေ
   သားအတွက် အဲဒီအာဟာရ ဟာ
   ထာဝရဗိုက်ပြည့် လုံခြုံနွေးထွေးပါတယ်”
အခုမှရေးဖြစ်ပေမယ့် ကောင်းသောမွေးနေ့ဖြစ်ပါစေ အမေ…
နှလုံးသွင်းမှန်တဲ့ အိပ်ကောင်းခြင်းညတွေဖြစ်ပါစေ အမေ…
အိပ်မက်ဆိုးကင်း ရွှင်လန်းနိုးထနိုင်ဖို့ရာ မေတ္တာနံနက်ခင်းတွေလည်း အမေ့မှာ ရှိပါစေ…
အလည်နဲ့ အလုပ်တွေရှုပ်နေတတ်တဲ့ သားမရှိနိုင်တဲ့ နေ့လည်နေ့ခင်းတွေမှာလည်း စိတ်အေးချမ်းသာ တရားနာဆည်းပူး အမှတ်မြဲအောင် အမေသတိဆောင်နိုင်ပါစေ…
သားရဲ့ သိတတ်စကတည်းက ပုရွက်ဆိတ်နဲ့ ခြင်ကအစ သတ္တ၀ါတွေရဲ့ အသက်ကိုယူဖို့ သားရှောင်ကြဉ်လာခဲ့
မြဲခဲ့တဲ့တစ်ပါးသောသီလရဲ့  သစ္စာနဲ့ သားပေးတဲ့ဆုတွေ အမေ့အတွက်ပြည့်ပါစေ… ။… ။

၂၆-၇-၂၀၁၀။ တနင်္လာနေ့၊ ၀ါဆိုလပြည့်(ဓမ္မစင်္ကြာအခါတော်နေ့)
မေမေ့မွေးနေ့ အမှတ်တရလက်ဆောင် မှ သား ၀င်းကိုအောင်@ ၀က


No comments:

Post a Comment