Tuesday, 21 February 2012

မင်းအတွက်

ဆည်းဆာရောင်နဲ့
ဆေးခြယ်ထားတဲ့
ငါ့အနာဂတ်ထဲမှာ
မင်းအတွက်
အိမ်လေးတစ်လုံး ရှိတယ်။

မင်းအတွက်
လေကောင်းလေသန့်ရဖို့
အိမ်ရှေ့မှာ စိမ်းလဲ့ပြာနေတဲ့
ပင်လယ်ကွေ့တစ်ခု ရှိတယ်။

မင်းအတွက်
ငါ့အလွမ်းတွေ သက်သေပြဖို့
ဟိုးဝေးဝေးမှာ
မီးပြတိုက်တစ်ခုရှိတယ်။

မင်းအတွက်
လမ်းလျှောက်ရင်
ခြေဖ၀ါးတွေ မပွန်းစေဖို့
သဲနုနုလေးတွေရှိတယ်။

မင်းအတွက်
စိတ်ကြည်နူးအောင် ငေးမောဖို့
ပင်လယ်ထဲက ကျွန်းလေးနားမှာ
လှိုင်းခေါင်းဖြူတွေရှိတယ်။

မင်းအတွက်
အပျင်းပြေကောက်ဖို့
သောင်ပြင်ပေါ်မှာ
ခရု ရောင်စုံတွေရှိတယ်။

မင်းအတွက်
လှိုင်းသံတွေပဲ့တင်နေတဲ့
ကျောက်ဆောင်နံရံမှာ
ငါ့ကဗျာတွေရှိတယ်။

မင်းအတွက်
စိတ်ညစ်ရင်ပြောပြဖို့
တိမ်တွေကြားမှာ
ငါ့ရဲ့ဟာသစကားလုံးတွေရှိတယ်။

မင်းအတွက်
ဒီအိမ်လေးရဲ့
အ၀င်ဝမှာ
ခရီးဦး ကြိုဖို့
ငါရပ်စောင့်နေတယ်။
မင်းလာခဲ့နော်။
(ဒိုရေမာ)

No comments:

Post a Comment