Thursday, 23 February 2012

အချစ်ဝတ္တု



ဒုတိယအရွယ်လို့ သတ်မှတ်ကြတဲ့ ၂၅နှစ်သား
ကြီးကောင်ကြီးမားနဲ့ အရူးထတယ်ပဲဆိုချင်ဆို
အခုမှ ပေါက်တောက်တောက်နဲ့လို့ပြောချင်ပြော
ကိုယ့်အခြေအနေ ကိုယ်အသိဆုံးမို့လား
လူသားတိုင်း တစ်သက်မှာတစ်ခါတော့
ဒီလိုအချစ်ရူးမျိုးရူးဖူးသင့်တယ်

ဥဒေါင်းဖိုတွေတောင်မှ ကိုယ့်မိတ်ဖက်ကို
တွေ့တဲ့အခါ အရှက်မရှိဖင်ဆီဖူးပေါ်အောင်
အမြီးကြီးဖြန့် ပြကြသေးတာပဲ
လုံလုံခြုံခြုံကျိတ်ရူးမိတာ ဘာဖြစ်လဲဗျာ

ပြီးတော့ ကြမ်းတမ်းလှတဲ့ ဟောဒီသဘာဝ
လောကကြီးထဲမှာ စာဘူးတောင်းငှက်ကလေးတွေတောင်
မီးရထားလမ်းဘေး ဓါတ်ကြိုးသေးသေးပေါ်မှာ လေမိုးမလုံမခြုံ
အသိုက်ကလေးတွဲလဲနဲ့ အချစ်အတွက် ဘ၀အတွက်
အံတုရဲရင့်ကြသေတာပဲ
ကျွန်တော်လို ဘွဲ့ရပြီးလောကဓာတ်ပညာတွေ တတ်ထားတဲ့
ယောင်္ကျားရင့်မကြီးအဖို့ မျှော်လင့်စရာတပြွတ်ကြီးဗျာ တပြွတ်ကြီး !

အချို့ ပင့်ကူမျိုးနွယ်တွေဟာ သူတို့သဘာဝ
ချစ်မှုရေးရာကိစ္စပြီးကြရင် အဖိုတွေက
သေသွားကြရော တဲ့
သူတို့လိုတော့ အချစ်အတွက်အသက်မစွန့်နိုင်ပေမယ့်
ဂဏန်းကောင်လေးတွေလိုတော့ ကာကွယ်စောင့်ရှောက်နိုင်ပါတယ်
သိတယ်မို့လား သူတို့အကြောင်းကို ?
တစ်ကောင်နဲ့တကောင် သဘောကျလေ့လာပြီးလို့
ချစ်တော့မယ်ဟေ့ဆိုရင် ဂဏန်းအမလေးက သူ့အပေါ်အခွံမာကြီးကို
အင်္ကျီချွတ်သလို ချွတ်ချပေးလိုက်ရော
အဲဒီအခါကျမှ …
အဲ…ပြီးမှပြန်ဝတ်ချင်လဲမရတော့ဘူးဗျ
သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်အောင်
အခွံမာပြန်ဖြစ်လာအောင် အတော်ကြာစောင့်ပြီး
ပုန်းနေရတာ
အဲဒီမှာ အထီးကအစာရှာပေး၊ စောင့်ရှောက်ပေးနဲ့
ကျွန်တော်က အဲ့ဒီလိုဂဏန်းထီးထက်တော့ အများကြီးသာနိုင်တာပေါ့


 
ကြံ့ တွေကျတော့တမျိုး !
ထုံထိုင်းအဖျင်းလိုက်တာလဲလွန်ရော
အမကမိတ်လိုက်ချင်လာလို့ အထီးတစ်ကောင်တွေ့ ပြီဟေ့ဆိုရင်
ပြေးပြီး အသေအကြေ ဝှေ့လိုက် တွန်းလိုက် နှိပ်စက်တော့တာပဲ
အဲဒါတောင် သကောင့်သားက
ဘာဖြစ်မှန်း ဘာလိုမှန်း မသိနိုင်သေးလို့
သေလုမျောပါး ခံရတော့မှ သိတော်မူပြီး
အလိုတော်ဖြည့်တော့တာကိုး ဗျာ
အင်း…
ပြီးတာနဲ့ အခဲမကျေနိုင်သေးတဲ့ကြံ့ မကြီးက
ချစ်ခြင်းဖွဲ့ နှုတ်ဆက်တဲ့အနေနဲ့
တချီတမောင်း ထောင်းလမောင်းကြေအောင်
‘ဒီလောက် ဒူရသလား ဝေးရသလား’ ရယ်လို့
ဆော်လဘန်တေပြန်ပါရော
ကျွန်တော်ကတော့ အဲဒီလိုအဖြစ်မျိုး
ဘယ်အဖြစ်ခံမလဲ အလိုက်လဲသိတတ်တယ်မို့လား

နှံပြည်စုတ်လိုလဲ အကောင်သေးသလောက် မြာပွေတဲ့
အကောင်မဟုတ်ရပေါင်ဗျာ ဒီကောင်က
အရွယ်ရောက်ပလားဆိုရင် အသိုက်ဆောက်တော့တာပဲတဲ့
နောက် နှံပြည်စုတ်မတစ်ကောင်ယူ အိမ်တဆောင်မီးတပြောင်ထား
ငှက်မလဲဗိုက်ကြီးရော နောက်အသိုက်အသစ်တခုထပ်ဆောက်ပြန်ပါရော
ငှက်မနောက်တကောင်လာထားတာပေါ့ဗျာ
အဲဒီလိုမျိုးတော့မဟုတ်ရပါဘူးလို့

ဂုဏ်ယူစရာအာန္တာတိက ပင်ဂွင်းမျိုးနွယ်တစ်ခုလို
သားသမီးတွေအပေါ်မှာလည်း ဂရုစိုက်ဦးမှာပါ
အထူးပြောစရာလိုမယ်မထင်ပါဘူး ဥ ဥပလားဆိုရင်
ပင်ဂွင်းသားလေးတွေ ပေါက်ဖွားမယ့်နေရာအရောက်
အမအုပ်စုကသပ်သပ်သွား
အထီးတွေက ဥလေးကိုခြေထောက်နှစ်ချောင်းကြားထဲထည့်ပြီး
ဂရုတစိုက်နဲ့ တလှမ်းချင်း ခရီးရှည်ကြီးသွားကြတာ ရေခဲပြင်ပေါ်မှာ
အဲဒီလိုလဲ ဖခင်ကောင်းပီသမှာပါလို့

အကောင်းဆုံးကတော့ဗျာ ရှားပါးတဲ့အောက်ချင်းငှက်ကြီးတွေလိုပေါ့
အသိုက်ကိုလုံခြုံတဲ့ အပင်မြင့်ကြီးမှာဆောက် ဒိုးတူဘောင်ဘက်
အတူတကွအစာရှာစား တစ်လင်တစ်မယားစနစ်
ကဲ… ချစ်လိုက်တာလဲလွန်ရော
သစ္စာကြီးလိုက်တာလဲလွန်ရော
အသိုက်မှာခြေရာလက်ရာတော့မပျက်စေနဲ့
တခုခုဖြစ်လို့ကတော့ သူ့မယားလဲပေါက်သတ်
သူကိုယ်တိုင်လဲ အမြင့်ကြီးပျံတက်ပြီး
မြေကြီးပေါ်ရင်ဘတ်နဲ့ ထိုးချသတ်သေတာ။

အဲလောက်ကြီးတော့လဲ မဖြစ်သေးဘူးပေါ့ဗျာ
ကျွန်တော့်အချစ်က ခွင့်လွှတ်တဲ့အချစ်ဆိုတော့
ကိုယ့်ထက်သာတယ်ထင်လို့
အသစ်နဲ့ပျော်မယ်ထင်လို့ သူသွားချင်လဲ
ရင်ကွဲခံပြီးခွင့်လွှတ်လိုက်မှပါပဲ
forgive & forget လိုပေါ့ဗျာ
ခွင့်လွှတ်ဖို့ကလွယ်ပေမယ့်
မေ့ပစ်လိုက်ဖို့တော့ မကြိုးစားပဲ
အဝေးက မေတ္တာထားနေသွားမှာပါ

သူကလည်း ဥသြငှက်မျိုးစိတ်တချို့ လို
တာဝန်မဲ့တဲ့သူမျိုးတော့ ဖြစ်မှာမဟုတ်ပါဘူးလေ
ဒါလည်းသိတယ်မို့လား သူတို့အကြောင်း
ဥသြဟာဥပြီလားဆိုရင် တခြားငှက်အမျိုးအနွယ်ရဲ့ 
အသိုက်ကိုသွား တခြားဥတွေထဲကတလုံးကိုပစ်ချ
သူ့ဥကိုထည့်ထားပြီးလစ်ပြေးပါလေရော
တခြားငှက်မကြီးကလည်း အဲဒါကိုကျွေးတာပဲဗျ
ဘယ်လိုလဲမသိဘူး
တယ်ဆိုးတဲ့ဟာတွေ ၊ အဲဒီလိုတော့ ကျွန်တော့်ချစ်ရတဲ့သူလေးဟာ
လုပ်မယ်မထင်ပါဘူးဗျာ၊

နောက်ဆုံးတော့ ကျွန်တော်ကလည်း တစ်ဦးတည်းသောသားမို့လား၊
“တစ်ကောင်ထဲ ဒါပေမယ့် ခြသေ့င်္” ဆိုတာမျိုးလို
တောတို့သနင်း ကေသရာဇာခြင်္သေမင်းလိုပဲ
တင့်တောင်းတင့်တယ်နဲ့ အားမာန်ရှိတဲ့သူ
ကိုယ့်အသိုက်အ၀န်းကိုကာကွယ်နိုင်ပြီး
သြဇာရှိတဲ့သူ ရှာဟယ်ဖွေဟယ် ကျွေးမွေးနိုင်တဲ့
သူမျိုးဖြစ်အောင် ကြိုးစားရမှာပေါ့ဗျာ

အင်း…မိန်းမကလဲ ခြင်္သေ့မပေါ့ဗျာ
အဲ့ဒီလို စံချိန်မှီ လျှမ်းလျှမ်းတောက်အချစ်
မျိုးလို့ကိုယ့်ချစ်သူကိုသိစေချင်တာပဲ
ကိုယ့်အခြေအနေကိုယ်အသိဆံးမို့လား…
လူသားတိုင်း တစ်သက်မှာတစ်ခါတော့
ဒီလိုအချစ်ရူးမျိုး ရူးဖူးသင့်တယ် ။ ။

ဝက
19/6/10 3-4 AM


No comments:

Post a Comment